AA ဆက်နွယ်မှုစွပ်စွဲချက်နဲ့ အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ဖမ်းဆီးခံရ


2020.08.19

ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်တော်နဲ့ ဆက်နွယ်ပြီး သံသယနဲ့ အရပ်သားတွေအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးစစ်ဆေးတာ၊ တရားစွဲတာတွေ ဆက်ပြီး ရှိနေပါတယ်။ အထောက်အထား အခိုင်အလုံရှိတယ်လို့ တပ်မတော်က ပြောဆိုထားသလို၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေအတွက် အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိတယ်လို့ AA က ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝရွာက ကျောင်းဆရာမ တစ်ယောက်နဲ့ ဒေသခံရွာသား ငါးယောက်ကို သြဂုတ်လ ၁၉ ရက် ဒီမနက်မှာ တပ်မတော်က ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဈေးပို့ဖို့လာတာကနေ ယောက်ျား ငါးယောက် ကျောင်းဆရာမတစ်ယောက် စခန်းထဲကို ခေါ်သွားတယ်။ ဘာလို့ဖမ်းသွားတာလဲဆိုတော့ ရွာမှာ AA ကမရှိဘူးလို့မပြောဘူး။ ရှိချင်ရှိမယ်လေ။ ဒါကိုသူတို့က ရွာမှာ AA ရှိရကောင်းလားဆိုပြီး ဖမ်းဆီးတာတွေလုပ်နေတာ။”

အဲဒီထဲက လေးယောက်ကိုတော့ ညနေမှာ ပြန်လွှတ်ပေးလိုက်ပြီး၊ ကျောင်းဆရာမတစ်ယောက်နဲ့ ဒေသခံရွာသား တစ်ယောက်ကိုတော့ ဆက်ပြီးဖမ်းထားတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၉ ရက်နေ့က အပေါက်ဝရွာနားမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း သံသယနဲ့ ဒေသခံတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ပေါက်ကွဲမှုဖြစ်ကတည်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၆ ရက် တနင်္ဂနွေနေ့ကမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အပေါက်ဝရဲစခန်းမှာ တပ်မတော်က တပ်စွဲထားတာ ရက်၂၀ ကျော် ရှိနေပြီလို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

“အဲဒီစစ်ကြောင်းက ရဲစခန်းမှာ တပ်စွဲနေတာကြာပြီ။ ဘာကြောင့် တပ်စွဲနေတယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ အဲဒီစစ်ကြောင်းကနေ အပေါက်ဝရွာသား ငါးဦးနဲ့ နောက် တစ်ဦးကို ဖမ်းဆီးသွားတယ်။”

ကျောက်ဖြူမြို့နယ်မှာလည်း ရဲတပ်သား ရဲကိုနိုင်ကို ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ AA ရက္ခိုင့်တပ်တော်ကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဥပဒေ ပုဒ်မ ၅ဝ (ည)၊ ၅၂ (က) တို့နဲ့ အမှုဖွင့်ထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဒီဥပဒေနဲ့ အမှုဖွင့်တာ ကျောက်ဖြူမြို့နယ်မှာ ပထမဆုံးဖြစ်တယ်လို့ ကျောက်ဖြူ ရဲစခန်း ဒုရဲမှူးကြီး ကျော်ဇော က ပြောပါတယ်။

“ကျနော်တို့ဆီမှာ ဒါ ပထမဆုံးပဲ။ ဘယ်လိုအခြေအနေကြောင့်လဲဆိုတာ ပါဝင်ပတ်သက်လို့ပေါ့။”

လောလောဆယ်မှာတော့ ရဲတပ်သား ရဲကိုနိုင် ကို ကျောက်ဖြူမြို့နယ် ရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာသား ကိုဝင်းနိုင်နဲ့ ကိုမောင်အေးနိုင်ကိုလည်း တပ်မတော်က ဇူလိုင် ၇ ရက်နေ့ မှာ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (ည)၊ ၅၂ (က)နဲ့ပဲ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကိုဝင်းနိုင်ဟာ ဖုန်းဆိုင်ဖွင့်ထားပြီးတော့၊ ကိုမောင်အေးနိုင်ကတော့ လက်လုပ်လက်စား လုပ်ကိုင်နေသူပါ။ သူတို့ကို သြဂုတ်လ ၃ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ကျောက်ဖြူမြို့နယ် တရားရုံးမှာ ချုပ်ရမန် ယူထားတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရတုန်းကတော့ တစ်ယောက်ချင်းစီပဲ။ အမှုက ဘယ်လိုလုပ်မလဲဆိုတာတော့ မသိရသေးပါဘူး။ တရားဥပဒေအတိုင်း စီရင်ပြီးတော့ အပြစ်မရှိတဲ့သူ ပြန်ပြီးတော့ လွတ်လာစေချင်တာပဲ ဖြစ်ပါတယ်။”

ကိုဝင်းနိုင်ဆီကနေ ကွန်ပြူတာ၊ ဓာတ်ပုံထုတ်စက်၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကတော့ ကျောက်ဖြူမြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရသူ အယောက် ၅ဝ လောက်ရှိနေပြီလို့ ပြောပါတယ်။

“ကြားမိသလောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲရလောက်အောင်ထိ လက်နက်ခဲယမ်းဖမ်းမိတယ်ဆိုတာမျိုး မကြားမိဘူး။ ၁၇ ရက်နေ့က သူ့မိသားစုနဲ့ တွေ့တယ်။ အခုက ကျောက်ဖြူမြို့နယ်မှာ လူပေါင်း ၅ဝ လောက် ဖမ်းထားတယ်။ အားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပဲ စွဲနေတာ သက်သေရှိလို့ စွဲတာလား မရှိဘဲ စွဲတာလား၊ သိပ်ကွဲကွဲပြားပြားတော့ မသိဘူး။”

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) ဟာ အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင်ပြီး၊ ပုဒ်မ ၅၂ (က) ဟာ အမြင့်ဆုံး ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ - အထောက်အထားမရှိဘဲ စွပ်စွဲတာမျိုး မဟုတ်ကြောင်း၊ တပ်မတော်ဘက်က သက်သေအထောက်အထား အခိုင်အလုံပေးမှာဖြစ်ပြီး၊ တရားစွဲတင်တဲ့အပိုင်းကတော့ တရားရုံးတွေနဲ့ သက်ဆိုင်ရာဌာနတွေက လုပ်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့ ကျောက်ဖြူမြို့နယ်က ရဲတပ်သား အပါအဝင် ဇင်ချောင်းရွာသားတွေနဲ့ ကျောက်တော်မြို့နယ် အပေါက်ဝဒေသခံတွေဟာ AA နဲ့ ပတ်သက်မှု လုံးဝမရှိဘူးလို့ RFA ကို ပြောပါတယ်။ တပ်မတော်က ရခိုင်ပြည်သူတွေအပေါ် အငြိုးအတေးတွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး၊ အစိုးရက ဟန့်တားခြင်းမရှိတဲ့အပြင် အမိန့်ပေးစေခိုင်းနေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး NLD အစိုးရမှာရော၊ တပ်မတော်မှာရော နှစ်ဖွဲ့စလုံးမှာ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ခိုင်သုခရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အစိုးရတုံ့ပြန်ချက်ရဖို့ အိမ်တော်သတင်းထောက်များ Group Chat မှာ RFA က မေးမြန်းထားပေမယ့် တုံ့ပြန်ချက် စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအထိ ဖမ်းဆီးခံရပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၃ဝ၈ ဦး ရှိတယ်လို့ တရားစွဲခံရသူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။