တိုက်ပွဲကြောင့် သိန္နီဒေသခံ ၁၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့သိန္နီမြို့နယ်အစပ်က ဟိုဆော်မွန်ကျေးရွာအနီးမှာ တပ်မတော်နဲ့မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဟိုဆော်မွန်ကျေးရွာက အိမ်ထောင်စု ၂၆ စု လူဦးရေ ၁၄၆ ယောက်ဟာ သိန္နီမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ သိန္နီ-ကွမ်လုံ လမ်းပေါ်က ကောင်းကော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးလာနေကြရပါတယ်။

ထွက်ပြေးလာသူတွေကို ကူညီနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က ပြောပါတယ်။

"အခုက နည်းနည်းတိုးသွားတာပေါ့ ၁၄၆ ဦး ဖြစ်သွားတာပေါ့၊ အဲဒါရောက်လာတဲ့အခါကျတော့ ဘုန်းတော်ကြီးကျောင်းမှာ ကျနော်တို့ထားပါတယ်"

မနေ့က နေ့လည် တစ်နာရီမှာ ကောင်းကော်အုပ်စု ဟိုမွန်းရွာနားမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မိနစ်နှစ်ဆယ်လောက် တိုက်ပွဲဖြစ်ပြီး ဒီမနက် ဆယ့်တစ်နာရီလောက်မှာ လည်းတိုက်ပွဲဆက်ဖြစ်တာကြောင့် ဒေသခံတွေဟာ ကားလမ်းမဘက်ကို ထွက်ပြေးလာကြတာလို့ သိန္နီမြို့နယ်အမှတ်၂ မဲဆန္ဒနယ်က SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်လူ က ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ မြောင်ဇီးတိုင်းရင်းသားတွေဖြစ်ပြီး အမျိုးသား ၇၅ ယောက်နဲ့ အမျိုးသမီး ၇၁ ယောက် ပါဝင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာမှာ ကျန်နေသူ အနည်းငယ်ရှိနေပြီး ဒီနေ့ညနေမှာရောက်မလာရင် မနက်ဖြန်မနက်မှာ ကျေးရွာဘက်ကို သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်ထားတယ်လို့ ဦးစိုင်းစိန်လူ က ပြောပါတယ်။

ထွက်ပြေးလာသူတွေကို နေရာထိုင်ခင်းနဲ့ စားသောက်စရာတွေ စီစဉ်ပေးထားပြီး စောင်နဲ့ စားစရာတွေကတော့ လိုအပ်နေသေးတယ်လို့လည်း ဦးစိုင်းစိန်လူ က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အခုလ ၇ ရက်နေ့က တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် ကြိမ်းမွန်ကျေးရွာအုပ်စု ဒါခိုင်းရွာက ဒေသခံ ၁၅၀ ကျော်ဟာ သိန္နီမြို့နယ် ကောင်းအိုင်ဘုန်တော်ကြီးကျောင်းကို ထွက်ပြေးတိမ်းရှာင်ခဲ့ရပါသေးတယ်။