တနိုင်းမှာ စစ်တပ်စခန်းဆောက်လုပ်ဖို့ အရပ်သားတွေရဲ့ မြေတွေသိမ်းခံရ
2023.06.29

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဖျတ်ယန်ရွာက ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ မြေ ၁၀ ဧကကျော်ကို တပ်စခန်းဆောက်လုပ်ဖို့အတွက် စစ်ကောင်စီတပ်က သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ဇွန်လ ၂၉ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
သိမ်းဆည်းခံရတဲ့အထဲမှာ လူနေထိုင်နေတဲ့ နေအိမ်တွေလည်း ပါဝင်နေသလို တောင်ယာမြေတွေလည်း ပါဝင်နေတယ်လို့ အမည်မဖော်လိုတဲ့ တနိုင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"အဓိကကတော့ လုပ်ကိုင်စားသောက်နေတဲ့ တောင်ယာတွေရော၊ အိမ်တွေကိုရော ပါနေတာပေါ့။ တချို့တွေက တောင်ယာတွေ မပါဘူးဆိုပေမယ့် တောင်ယာသွားတဲ့ လမ်းတစ်ခုလုံးကို ဖြတ်သန်းသွားလာခွင့် မရှိဘူးဆိုပြီး စာချိတ်ဆွဲထားတာ။ သိမ်းမယ်ဆည်းမယ်လည်း ဘာတစ်ခုမှ ဒေသခံတွေကို အသိပေးတာ မရှိဘူး။ မေလတုန်းကမှ တပ်စခန်းဆောက်ဖို့ အုတ်တွေ သဲတွေလာပုံမှပဲ သိရတာ”
ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့မှာ အခြေစိုက်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အဲဒီမြေဧကတွေကို သိမ်းဆည်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFAအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို မြေယာတွေသိမ်းဆည်းခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
သိမ်းဆည်းခံရတဲ့ မြေယာတွေထဲမှာ စိုက်ပျိုးရေးအတွက် အသုံးပြုတဲ့ တောင်ယာတွေ လည်း ပါဝင်နေတာကြောင့် လုပ်ကိုင်စားသောက်ဖို့ အတွက်အခက်အခဲ ရှိလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နမ်ဖျတ်ယန်ရွာမှာ အိမ်ထောင်စု ၅၀နီးပါးနဲ့ လူဦးရေ ၃၀၀ကျော် နေထိုင်ပြီး အများစုဟာ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။