တပ်မတော်က ဥပဒေအရ လုပ်ဆောင်တာလို့ UEC ထုတ်ပြန်ချက်ကို တုံ့ပြန်

2020-12-11
Share
တပ်မတော်က ဥပဒေအရ လုပ်ဆောင်တာလို့ UEC ထုတ်ပြန်ချက်ကို တုံ့ပြန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲကို ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့က တက်ရောက်စဉ်
ဓါတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်တောင်းခံခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနဲ့ ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံတာဖြစ်လို့ ဥပဒေအရ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်အပေါ် တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။

တပ်မတော်က ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းအချက်အလက်တွေကို ကူးယူခွင့်ပြုဖို့ တောင်းဆိုချက်အပေါ် ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုပြုရာရောက်မှာဖြစ်လို့ အောက်က ကော်မရှင်အဖွဲခွဲတွေကို ညွှန်ကြားမပေးနိုင်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲလိုထုတ်ပြန်ပြီး ၃ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တပ်မတော်ဘက်က ယူအီးစီရဲ့ သဘော ထားကြေညာချက်အပေါ် တုံ့ပြန်ငြင်းဆိုတဲ့ သဘောထားကြေညာချက်တစ်စောင်ကို ထပ်မံ ထုတ်ပြန်ခဲ့တာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ သဘောထား မည်သို့ပင် ဖြစ်စေကာမူ တပ်မတော်အနေနဲ့ မူလအခွင့်အရေးအရ တောင်းခံခြင်းဖြစ်တဲ့အတွက် ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုကို ပြုရာရောက်မည်မဟုတ်ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သဘာဝတရားမျှတမှု မူသဘောကို အခြေခံပြီး ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှု တို့ဖြင့် သံသယတွေ ကင်းစင်ပပျောက်အောင် ဆောင်ကြဉ်းပေးသင့် ကြောင်း လက်တင်ဥပဒေ ဆိုရိုးအကိုးအကားတွေနဲ့ တပ်မတော်က ထပ်မံ တောင်းဆိုထားပါတယ်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့ အတွက် မြို့နယ် ၂၁၈ ခုက တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို ပြန်စိစစ်နေကြောင်း၊ တပ်မတော်က ဒီလို စစ်ဆေးတဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့်ရဖို့အတွက် သက်သေခံဥပဒေကို ကိုးကားပြီး ပြည်ထောင်စုကော်မရှင်အနေနဲ့ အောက်က ကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ် ပြန်တောင်းဆိုခဲ့တာပါ။

ကော်မရှင်ဘက်ကလည်း သက်သေခံဥပဒေ ပုဒ်မ ၁ နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်တွေအရ ရွေးကောက်ပွဲ ကန့်ကွက်မှု တွေကို စစ်ဆေးတဲ့အခါမှသာ သက်သေခံဥပဒေပါပြဌာန်းချက်တွေကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က သဘောထားကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။

----------------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့