လွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ငြင်းတာ အခြေခံဥပဒေ ချိုးဖောက်မှုလို့ တပ်တုံ့ပြန်

အောင်သိင်္ခ၊ ဝေယံမိုးမြင့်၊ ဝေမာထွန်း၊ သက်စုအောင်
2021.01.13

လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တပ်မတော်က တောင်းဆိုထားတာကို ငြင်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာလို့ တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကြားမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောထား တင်းမာမှုတွေ ပြင်းထန်လာပါတယ်။ တပ်မတော် နဲ့ NLD အစိုးရကြား တင်းမာမှုတွေကြောင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး စတာတွေမှာ ရှေ့မရောက်ဘဲ နှောင့်နှေးလာပြီး ပွတ်တိုက်မှုတွေ များလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို တင်ပြဆွေးနွေးဖို့လိုတာကြောင့် လွှတ်တော်သစ်မစခင် လွှတ်တော် အထူးအစည်းအဝေး ခေါ်ပေးဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၀၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် (၃၆)ယောက်၊ ရခိုင်အမျိုးသားပါတီ (၄) ယောက်၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (၁) ယောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၂) ယောက် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် (၂၀၃) ယောက် စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော် နာယကဆီကို ဇန်နဝါရီလ ၁၁ ရက်နေ့က တောင်းဆို တင်ပြထားပေမယ့် လွှတ်တော်အထူး အစည်းအဝေး မခေါ်ဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ရုံးက မနေ့က ကြေညာလိုက်ပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ကြေညာထားတာပါ။ လွှတ်တော်သစ်စဖို့ ရက်ပေါင်း ၂၀ လောက်ပဲ လိုတော့တာကြောင့် ဒီကာလမှာ အထူးအစည်းအဝေးခေါ်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုချက်ကို အခုလိုငြင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာပဲလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ ကျန်တဲ့ဥပဒေတွေ၊ ကျန်တဲ့ အကြောင်းပြချက်တွေ ရှိပေမယ့် ဖွဲ့စည်းပုံဆိုတာသည် ပင်မဥပဒေဖြစ်တယ်၊ Mother Law ဖြစ်တယ်။ ကျန်တဲ့ ဥပဒေတွေမှာ ဘယ်လိုပဲ ပြဌာန်းသည်ဖြစ်စေ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ကို သွေးဖယ်လို့မရဘူး။ အခြေခံဥပဒေ ပြဌာန်းချက်ကို အဓိပ္ပာယ်တစ်မျိုး ကောက်ယူအောင်လုပ်လို့မရဘူး။ ဘယ်ဥပဒေက ဘယ်လိုပဲဖြစ်ဖြစ် အခြေခံဥပဒေနဲ့ပဲကိုက်ညီရမှာဖြစ်တယ်။ ဒါတွေကိုလုပ်ဆောင်တာ ဖြစ်တယ်လို့ပဲ ကျနော်တို့ကတော့ ယူဆတယ်။ ကျနော်တို့အနေနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။"

တပ်မတော်က နိုင်ငံတော်အခြေခံမူတွေ မပျက်အောင် ပြည်ထောင်စုလွှတ်တော်ကို ထိန်းကျောင်းနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုတာဖြစ်ပြီး ဒီလိုလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ မတိုင်ခင်ကတည်းက လွှတ်တော်အစည်းအဝေးခေါ်ဖို့ ဖြေရှင်းသင့်တယ်ဆိုတာ တပ်မတော်ဘက်က သဘောထားပြောထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၈၄ အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး လေးပုံတစ်ပုံက တင်ပြတောင်းဆိုမယ်ဆိုရင် လွှတ်တော် နာယက က အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူရမယ်လို့ ပြဌာန်းထားတာပါ။ ဒုတိယအကြိမ် လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၆၅၁ ယောက်ရှိတာဖြစ်လို့ လေးပုံတစ်ပုံဆိုရင် ကိုယ်စားလှယ် ၁၆၀ ကျော် တောင်းဆိုရင် အစည်းအဝေး ခေါ်ပေးရမှာဖြစ်ပါတယ်။

လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသန လုပ်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော် က

"ဖွဲ့စည်းပုံမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး လေးပုံတစ်ပုံက လက်မှတ်ထိုးပြီး အထူးအစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက က အထူးအစည်းဝေး ခေါ်ပေးရမယ်လို့ ပါတယ်။ အခုပြောရမယ်ဆိုရင် လေးပုံတစ်ပုံက အစည်းအဝေးခေါ်ဖို့ တောင်းဆိုတယ်။ နာယက က ငြင်းလိုက်တယ်။ အဲဒါကြောင့်ပြောတာနေမယ်။ အချိန်ပြဿနာလည်း မရှိဘူး။ ရွေးကောက်ပွဲ ကြောင့်လည်း မဟုတ်ဘူးဆိုရင် ဖွဲ့စည်းပုံကို ချိုးဖောက်တယ်လို့ တစ်ထစ်ချ ပြောနိုင်ပေမယ့် အစည်းအဝေး ခေါ်ဖို့ အချိန်ကလည်း ပြဿနာရှိနေတော့ အဲဒီပေါ်မှာပြောမယ်ဆိုရင် ကျနော်ဆိုလည်း အဲလိုဆုံးဖြတ်မိမယ် ထင်တယ်။"

ရွေးကောက်ပွဲကိစ္စတွေ တင်ပြဆွေးနွေးဖို့ ရည်ရွယ်ပြီး တပ်မတော်က ဦးဆောင်တောင်းဆိုတဲ့ လွှတ်တော် အထူးအစည်းအဝေးကို ငြင်းဆိုလိုက်တဲ့အတွက် တပ်မတော်နဲ့ NLD အစိုးရကြား သဘောထားကွဲလွဲမှုတွေ ပိုပြင်းထန်လာတာပါ။

မကြာခင် အစိုးရသစ် ဖွဲ့စည်းဖို့ လွှတ်တော်တွင်း လုပ်ဆောင်ချိန်မှာ တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အခြားတိုင်းရင်းသားပါတီတွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့စမယ့် လွှတ်တော်သစ်ကို မတက်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဒီကိစ္စကို မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

ပါတီသမိုင်းကြောင်းကောင်းဖို့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ လွှတ်တော် အထူးအစည်းအဝေးခေါ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ ဦးဆောင်တောင်းဆိုတဲ့ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

"လွှတ်တော်မတက်ဖို့၊ တက်ဖို့က ပြောဖို့ စောပါသေးတယ်။ သပိတ်မှောက်ဖို့ဆိုတာကလည်း ပြောဖို့ စောပါသေးတယ်။ နည်းလမ်းအစုံနဲ့ လုပ်သွားမယ်။ ကျနော်တို့ သမိုင်းကြောင်း ကောင်းဖို့ပေါ့။ ဥပဒေ လမ်းကြောင်း လွှတ်တော်လမ်းကြောင်းက လုပ်စရာရှိတာတွေ လုပ်သွားမယ်။ ဥပဒေလမ်းကြောင်းက စာချွန်လွှာတွေ၊ ဘာတွေလုပ်ထားတာ ထပ်တက်စရာရှိရင် တက်မှာပေါ့။ လွှတ်တော်ပိုင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တင်သင့်တယ်ဆိုလည်း တင်သွားမှာပေါ့ဗျာ။"

NLD၊ USDP နဲ့ တပ်မတော်တို့ရဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကြောင့် လာမယ့် အစိုးရသစ် ဖွဲ့စည်းရေးမှာ မပြေလည်မှုတချို့ ရှိနိုင်တယ်လို့ အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေတဲ့ ဆောင်းပါးရှင် မောင်ဉာဏ က သုံးသပ်ပါတယ်။

"သမ္မတ ရွေးတဲ့အခါ ပြည်သူလွှတ်တော် အစုအဖွဲ့ ၊ အမျိုးသားလွတ်တော်အစုအဖွဲ့နဲ့ တပ်မတော်သား အစုအဖွဲ့ကနေ ဒုသမ္မတ တစ်ဦးစီ တင်သွင်းရမယ်။ ဒီ ဒုတိယအကြိမ် အထူးအစည်းအဝေးကို လွှတ်တော်က ငြင်းလိုက်တဲ့အတွက် လာမယ့် တတိယအကြိမ် လွှတ်တော်မှာ တပ်မတော်က လွှတ်တော် ကို တက်ဖို့ ဆိုင်းငံ့တာတွေရှိရင် သမ္မတ ရွေးချယ်ရေးမှာ တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့ တစ်ယောက်အတွက် အခက်အခဲရှိလာမယ်။ အဲလိုအခက်အခဲရှိရင် အခြေခံဥပဒေမှာတော့ သမ္မတကို ဘယ်လိုဆက်ရွေးရမယ်ဆိုတာတော့ ပြဌာန်းထားတာမရှိဘူး။ အဲလို အဖုအထစ်ကလွဲရင် အခြေခံဥပဒေကို သေချာဖတ်ကြည့်ရင် ဒုသမ္မတ သုံးယောက်ရှိတာ၊ မရှိတာ တစ်ကဏ္ဍ။ တစ်နေရာ လစ်လပ်လည်း လာမယ့်လွှတ်တော်က သမ္မတ ရွေးချယ်ရေးကို ဆက်လုပ်သွားမယ့် သဘောရှိတယ်။"

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲစာရင်း မှားယွင်းမှုတွေကို လွှတ်တော်အတွင်း တင်ပြပြီး ဆွေးနွေး ချင်တာကြောင့် လွှတ်တော် အထူးအစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုတာလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ USDP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ နန္ဒာလှမြင့်က ပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိတယ်ဆိုပြီး တပ်မတော်က မဲစာရင်းတွေ ပြုစုထုတ်ပြန်နေသလို အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ဒီမဲရလဒ်ကို လက်မခံနိုင်ကြောင်းနဲ့ အသိအမှတ်မပြုဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ၅ ဦးကို ပြည်ထောင်စု လွှတ်တော် တရားရုံးချုပ်ဆီ စာချွန်တော် ပေးပို့ပြီးလည်း တိုင်ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေဟာ လွှတ်တော်မှာ ဆွေးနွေးရမယ့် ကိစ္စတွေ မဟုတ်ဘဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ပြီး ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်သစ်တွေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဖေဖော်ဝါရီလ (၁) ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ရုံးက ကြေညာထားတာပါ။

ရွေးကောက်ပွဲကို လက်မခံပေမယ့်လည်း အစိုးရ လွှဲပြောင်းရေး၊ သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာနိုင်မလား မလိုက်နိုင်ဘူးလား ဒီမေးခွန်းပဲရှိတယ်။ ကျနော်တို့တော့ အသိအမှတ်မပြုဘူး အသိအမှတ်မပြုလည်းနေလေ သူအသိအမှတ်မပြုလည်း တစ်ပြည်လုံးက အသိအမှတ်ပြုနေပြီ ဟုတ်တယ်မှတ်လား။ ဒါကတစ်ချက်ပေါ့နော်။ နောက် အစိုးရအလွှဲအပြောင်း အခက်အခဲရှိလား မရှိပါဘူး။ အရင်တုန်းက ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် ခေတ်ကနေပြီးတော့ NLD အစိုးရကို လွှဲပြောင်းတာ စနစ်တကျ လွှဲခဲ့တာပဲ။ အားလုံးက စနစ်တကျ ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရဌာနတွေမှာ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ အကုန်ရှိပြီးသား။ ကျနော်တို့ ဘတ်ဂျတ်ရှိမယ် planning ရှိမယ်။ ကျန်တဲ့ဌာနဆိုင်ရာ ပစ္စည်းတွေရှိမယ်၊ ဝန်ထမ်းတွေရှိမယ်။ အရင်ကဒါတွေက လုပ်နေကျဖြစ်တယ်။ အခုဟာက အစိုးရတစ်ရပ်နဲ့ တစ်ရပ် သီးသန့်လွှဲပြောင်းတဲ့ ဟာမျိုးတော့ မဟုတ်တဲ့အတွက် ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။"

တပ်မတော်နဲ့ အစိုးရအကြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆက်သွယ်ဆွေးနွေးမှုတွေရှိတယ်လို့ ဦးဇော်ဌေးက အဲဒီနေ့က ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန်ကာလ အစိုးရသစ် ဖွဲ့စည်းရေးမှာ သဘောထားကွဲလွဲမှု မပြေလည်မှုတွေကြောင့် NLD အစိုးရ ဦးဆောင်လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

"အစိုးရနဲ့ တပ်နဲ့ ကိုယ်တိုင်ကိုက သဘောတူညီမှုမရှိဘူး ဆိုလို့ရှိရင် တိုင်းရင်းသားတွေနဲ့ သဘောတူညီမှု ရဖို့က အတော်ခက်ခဲသွားပါလိမ့်မယ်၊။ ဒီအနေအထားမျိုးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သေချာပေါက် ထိခိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ခြေဥပြင်ဆင်ရေးမှာကို ကြည့်လိုက်ရင် သိသာပါတယ်၊ ပုဒ်မ ၂၆၁ ပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ဥစ္စာ တိုင်းရင်းသားပြည်နယ်တွေကနေပြီး ပြည်နယ် လွှတ်တော်ကနေ အစိုးရတင်မြှောက်ခွင့် NLD က သဘောမတူဘူး၊ တပ်ကတင်ခဲ့တယ်။ ဆိုလိုတာက အခုပြည်နယ်ဖွဲ့စည်းပုံရေးကြမယ် ပြောတယ်။ အဲဒီအချက်ကို ပြင်ဖို့၊ မပြင်ဖို့ရာ NLD ဘက်ကတော့ ဒီမိုကရေစီမရရင် မပြင်နိုင်သေးဘူး။ ဒီမိုကရေစီရမှ ပြင်နိုင်မယ်ဆိုတော့ သူတို့က ၂၅ ရာခိုင်နှုန်း ထွက်သွားမှ၊ တပ်ကလည်း မထွက်ဘူးဆို တပ်ကလည်း လောလောဆယ် မထွက်နိုင်သေးဘူး ဆိုရင် အဲဒါမပြင်ဘူးဘဲထားမလား။ ဆိုလိုတာကတော့ အဲလို အချက်တွေကစပြီးတော့ သဘောထား ကွဲလွဲမှုတွေ သဘောတူညီမှုရဖို့ ခက်ခဲသွားပါလိမ့်မယ်။"

နိုင်ငံရေး၊ တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး ပြောသွားတာပါ။

အစိုးရက အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အခု ဇန်နဝါရီလ ထဲမှာ တွေ့ဆုံနိုင်ဖို့ စီစဉ်နေပေမယ့် တပ်မတော်နဲ့ အစိုးရရဲ့ သဘောထားကွဲလွဲမှုတွေကတဆင့် တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်နဲ့ အပစ်မရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲကို အခြေပြုပြီး စတင်လာတဲ့ တင်းမာမှုတွေကတဆင့် အထူးအစည်းအဝေးခေါ်ဖို့ ငြင်းပယ် လိုက်တာဟာ တပ်မတော်နဲ့ အစိုးရကြား ရှေ့ဆက် အခြေအနေတွေ ပိုတင်းမာလာနိုင်တယ်လို့ သုံးသပ် ကြပါတယ်။ ဒီလိုမဖြစ်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က မဲစာရင်းရလဒ်တွေကို ထုတ်ပြန်ဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကပြောပါတယ်။

လွှတ်တော်နည်းလမ်းနဲ့ ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်လို့မရရင် တပ်ဘက်က အာဏာသိမ်းနိုင်ခြေ ရှိတယ်လို့ ဦးရဲထွန်းက ယူဆပါတယ်။

"လွှတ်တော်က ငြင်းပယ်လိုက်တဲ့ဟာက သူတို့သွားမယ့်လမ်းကြောင်းကို အားဖြည့်သလိုတော့ ဖြစ်သွားတယ်။ အာဏာသိမ်းစေချင်တဲ့ လူတွေရဲ့လမ်းကြောင်းပေါ်ကိုတော့ တွန်းပို့သလိုတော့ ဖြစ်နေတာပေါ့။ UEC တို့ဘာတို့က လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်တဲ့အတွက်ကြောင့်မို့လို့ သူတည်ဆောက်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေက ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အတွက်ကြောင့်မို့လို့ လှမ်းရတဲ့ ခြေလှမ်းမျိုးပေါ့ဗျာ။"

ရွေးကောက်ပွဲမကျင်းပခင် နှစ်လကျော် အလိုကတည်းက လွှတ်တော်အစည်းအဝေးတွေ မကျင်းပနိုင်ခဲ့ဘဲ ဖေဖော်ဝါရီလမှသာ လွှတ်တော်သစ်ပြန်ခေါ်ဖို့ လွှတ်တော်ဘက်က ဆောင်ရွက်နေတာပါ။

နောက်ဆုံးအကြိမ် လွှတ်တော်မခေါ်တဲ့အတွက် ကိုယ်စားလှယ်တွေ တင်ပြလိုတာတွေကို မတင်ပြနိုင်ခဲ့သလို အစိုးရရဲ့ ငါးနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တချို့က ထောက်ပြကြပါတယ်။

ပြည်ထောင်စုလွှတ်တော် မရှိတဲ့အတွက် AA ကို အကြမ်းဖက်အဖွဲ့ကနေ ဖယ်ရှားပေးဖို့လို အဆိုမျိုးတွေကို ပြည်နယ်လွှတ်တော်မှာ တင်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ထောက်ပြပါတယ်။

"ကျနော်တို့တင်ထားတဲ့ ကြယ်ပွင့်ပြမေးခွန်းတွေ ရှိခဲ့တာပေါ့နော်။ နောက်ကျနော်တို့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အဆိုတွေကို တင်ဖို့လိုအပ်နေတယ်။ တစ်နေ့ကပဲ ကျနော်တို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ AA ကို အကြမ်းဖက်အဖွဲ့က သတ်မှတ်ချက်က ရုတ်သိမ်းပေးဖို့ဆိုတဲ့ အဆိုမျိုးပေါ့ဗျာ။ ဒါတွေက ပကတိလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ အရေးကြီးတဲ့ အချိန်အခါကို ရောက်လာတော့ ကျနော်တို့ အဲဒီဟာမျိုးလည်း အရေးကြီးအဆိုအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရကို တိုက်တွန်းရင် ပိုပြီးတော့ အားရှိတာပေါ့။"

သူဟာ လွှတ်တော်ခေါ်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် စုစုပေါင်း ၂၀၃ ဦးက တင်ပြခဲ့တဲ့ အထဲမှာ ပါဝင်လက်မှတ်ထိုးခဲ့သူလည်း ဖြစ်ပါတယ်။

ဒီအငြင်းပွားမှုတွေဟာ နိုင်ငံရေးပြဿနာ ဖြစ်တဲ့အတွက် NLD ပါတီက ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်မယ်လို့ NLD ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"တပ်မတော်ပေါ်ပဲ မူတည်တယ်။ ကျနော်တို့က ဥပဒေနဲ့အညီ ဆက်လုပ်နေမှာဖြစ်တယ်။ အမှန်ပြောရရင် ဒါက အခြေခံ နိုင်ငံရေးပြဿနာပဲ။ အခြေခံဥပဒေအရ ပြည်သူက ရွေးချယ်တဲ့အစိုးရဟာ နိုင်ငံ အရေးအရာတွေကို အပြည့်အဝ စီမံခန့်ခွဲခွင့်မရှိဘူး။ အဲဒါရဲ့ အကျိုးဆက်တွေပါပဲ။ အဲတော့ ဒီပြဿနာတွေ သဘောထားကွဲလွဲတာတွေကတော့ ရှိနေမှာပဲ။ ပြည်သူထောက်ခံမှုရထားတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် အဖြေကိုရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။"

နှစ်ဘက် သဘောထားကွဲလွဲမှုတွေကြားမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကဏ္ဍတွေအပြင် မြန်မာ့စီးပွားရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

နိုင်ငံရေးတည်ငြိမ်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာဖြစ်လို့ နိုင်ငံရေးမတည်မငြိမ် ဖြစ်မှာကို လက်မခံနိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

"စီးပွားရေးလုပ်တဲ့သူတွေ ရင်းနှီးမြှုပ်နှံသူတွေက တည်ငြိမ်တဲ့အခြေအနေကို လိုချင်တယ်။ မတည်မငြိမ် ဖြစ်တယ်ဆိုတာကိုတော့ လက်မခံနိုင်ဘူး။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ပိုစိုးရိမ်တယ်။ နိုင်ငံရေးတည်ငြိမ်မှုက အရေးကြီးတဲ့အချက်ထဲမှာ ပါတယ်။ ဘယ်လောက်ထိ ထိခိုက်မယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့။ ထိခိုက်မှုကတော့ ရှိလာနိုင်တယ်။"

လွှတ်တော်အထူးအစည်းအဝေး မခေါ်တဲ့ကိစ္စကို တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဥပဒေကြောင်းအရ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားတဲ့အတွက် NLD အစိုးရနဲ့ အကြား သဘောထားတင်းမာမှုတွေ ဆက်ရှိနေဦးမယ် လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။