ရိုက်နှက်ဖမ်းဆီးခံကျောင်း သားကျောင်းသူတွေကို ရုံးထုတ်

မနေ့က လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းမှာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသား ကျောင်းသူတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သာယာဝတီအကျဉ်းထောင်ရှေ့မှာ လာရောက်စောင့် ဆိုင်းနေတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် မဖြိုးဖြိုးအောင်ရဲ့ဖခင် ဦးနေဝင်း က သမီးဖြစ်သူ ဖမ်းဆီးခံရတာကို အစိုးရဘက်က အကြောင်းကြားတာမရှိဘူးလို့ ပြောပါတယ်။

"ကျနော်တို့လာတာ မနေ့က ဖြိုးဖြိုးအောင်အရိုက်ခံ ရတယ်၊ တခြားကျောင်းသားတွေ၊ ပြည်သူတွေနဲ့ အတူ အဖမ်းခံရတယ်၊ အရိုက်ခံရတယ်၊ အဲ့ဒါနဲ့ သာယာဝတီထောင်မှာ ရှိနိုင်တယ်လို့ ကျနော်တို့ ထွက်လာတာဖြစ်ပါတယ်၊ အစိုးရဘက်ကတော့ဘာမှ မပြောဘူး၊ ကျနော်တို့ဘာသာကျနော်တို့ ထွက်လာ တာပါ၊ မှန်တယ်လို့ထင်တယ်၊ လုံးဝအပြည့်အဝထောက်ခံတယ်၊ မြန်မာပြည်ကပညာရေးစနစ်က အားလုံး သိတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးမှာ အနိမ့်ဆုံးစနစ်ဖြစ်နေတယ်၊ ကျောင်းသားတွေက ပညာရေးကို ပိုက်ဆံတွေ အကုန်အကျအများကြီးခံပြီးပညာသင်ရတယ်၊ ပြီးတော့ဘာမှလဲမတတ်ဘူး၊ သူများနိုင်ငံမှာကျွန်သွားခံနေ ရတယ်၊ ဒီပညာရေးစနစ်လောက်ဆိုးတာ ကမ္ဘာပေါ်မှာ မရှိဘူးလို့ထင်တယ်၊ ဒါကြောင့်သမီးတို့လုပ်တာတွေ အားလုံးမှန်တယ်လို့ ယုံကြည်တယ်"

ဖမ်းဆီးခံရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့မိဘတွေက သာယာဝတီ အကျဉ်းထောင်ရှေ့မှာ လာရောက် စောင့် ဆိုင်းနေကြပေမဲ့ တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသား ကျောင်းသူ ဘယ်နှစ်ဦးကို ဖမ်းဆီးထားတယ်ဆိုတာလည်း အတိအကျမသိရပါဘူး။

အဲ့ဒီကျောင်းသား ကျောင်းသူတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာရုံးထုတ်ပြီး ညနေ ၄ နာရီလောက်မှာ သာယာဝတီ အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင် သွားပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းကနေ ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် လက်ပံတန်းမြို့နယ် ပြည် သူ့ဆေးရုံမှာ ဆေးကုသမှုခံနေရသူ ၇ ဦး ထဲက ကျောင်းသား ၅ ဦး ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း သိရပါတယ်။