သရုပ်ဆောင် ဒါရိုက်တာ ဇင်ဝိုင်း အဖမ်းခံရ

2021.04.15

ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ဇင်ဝိုင်းကို ဒီနေ့ညနေ ၅ နာရီမှာ စစ်ကောင်စီတပ်တွေက လာဖမ်းသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကို အတည်ပြုပြောပါတယ်။

ရန်ကုန်၊ ဗဟန်းမြို့ အေးရိပ်သာ ၂ လမ်းက ဇင်ဝိုင်းရဲ့ နေအိမ်ကို ရဲကားနှစ်စီး ရောက်လာပြီး စစ်တပ်နဲ့ ရဲအင်အား အလုံးအရင်းနဲ့ လာဖမ်းသွားတာလို့ ပြောပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ ဇင်ဝိုင်းရဲ့သား သရုပ်ဆောင်မင်းမော်ကွန်းကတော့ စစ်ကောင်စီတပ် တွေ လာဖမ်းတဲ့အချိန်မှာ အိမ်မှာရှိမနေဘူးလို့မျက်မြင်တွေ့သူက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေ ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဆက်တိုက်တရားစွဲဆိုနေပြီး လိုက်လံဖမ်းဆီးနေပါတယ်။

စာပေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက တရားစွဲခံရသူ အယောက် ၁၄၀ ကျော် ရှိနေပြီး အဲဒီထဲက ၁၀ ယောက်ကျော် ဖမ်းဆီးခံထားရပါတယ်။

လက်ရှိ ဖမ်းဆီးခံနေရသူတွေထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာ လူမင်း၊ စာရေးဆရာ မောင်သာချို၊ လူရွှင်တော် ဇာဂနာ၊ သရုပ်ဆောင် ရဲတိုက်၊ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွားနဲ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ ဝင်းမင်းသန်းတို့လည်း ပါဝင်ပါတယ်။

အနုပညာရှင်အများအပြားက ဖမ်းဆီးခြင်း မခံရအောင် အခု ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။