စစ်တပ်က ဖမ်းဆီးသွားတဲ့ NLD ပါတီ ဘီးလင်းမြို့နယ်၊ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ကျေးရွာတစ်ရွာအနီးမှာ ပြန်တွေ့ခဲ့တယ်လို့ ဘီးလင်းမြို့နယ်က NLD ပါတီ သတင်းရင်းမြစ်တစ်ခုက RFA ကို ပြောပါတယ်။
“အလောင်းကို ကြည့်တာနဲ့ ဦးကျော်မျိုးမင်း ဖြစ်တယ်ဆိုတာကို အတည်ပြုလို့ ရတယ်။ နောက်ကို လက်ပြန်ကြိုးလား၊ လက်ထိပ်လားမသိဘူး တုပ်ထားရက်နဲ့ သေနေတာ။ ဒီနေ့လယ်ခင်းမှာပဲ တွေ့တာ။ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောဆိုချက်အရ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာ မတွေ့ဘူး။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ရွာတစ်ရွာမှာ တွေ့တာ”
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ အခြား NLD ပါတီဝင်နှစ်ဦး၊ ဒေသခံတစ်ဦးနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဆိုင်ကယ်တွေနဲ့ ခရီးသွားစဉ် ဘီးလင်းမြို့နယ်ထဲက ပေါ်ခီးကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဖမ်းခံရပြီးနောက်ပိုင်း သတင်းအစအန လုံးဝပျောက်သွားတဲ့အတွက် သူ့ရဲ့အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးကျော်မျိုးမင်းရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"သူတို့ လိုတဲ့ သတင်းအချက်အလက်တွေ မေးတာမှာ ဦးကျော်မျိုးမင်းတို့ မသိနိုင်တာတွေကို မသိတော့ ရှုပ်တယ်ဆိုပြီး ရှင်းခဲ့တာမျိုး ဖြစ်နိုင်တယ်။ လက်ပြန်ကြိုးတုပ် ရေထဲကန်ချခဲ့တာမျိုးပေါ့။ သူဆိုတာကိုတော့ အတည်ပြုထားပါပြီ"လို့ NLD ပါတီ သတင်းရင်းမြစ်က ပြောပါတယ်။
ဦးကျော်မျိုးမင်းနဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီဝင် ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ရဲ့ အလောင်းတွေကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဘားအံမြို့နယ်ထဲက မင်းစောကျေးရွာနားမှာ ပြန်တွေ့ခဲ့တာပါ။ အခု ဦးကျော်မျိုးမင်းအလောင်းကိုလည်း အဲဒီနေရာပတ်ဝန်းကျင်မှာပဲ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
သူတို့ လေးယောက်ကို ဖမ်းဆီးထားစဉ်မှာ ဒေသခံတစ်ဦးကတော့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အဲဒီသူရဲ့ ပြောပြချက်အရ ဦးကျော်မျိုးမင်းကို မပြေးနိုင်အောင် ခြေထောက်တွေကို ရိုက်ချိုးထားလို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်လို့ ဦးကျော်မျိုးမင်းရဲ့ မိသားစုဝင်တစ်ဦးက ပြန်ပြောပြခဲ့ပါတယ်။
ဘီးလင်းမြို့နယ်ထဲမှာ တပ်မ ၄၄ လက် အောက်ခံ သိမ်ဇရပ် အခြေစိုက် ခမရ - ၂၀၇၊ ကျိုက်ထို အခြေစိုက် - ခလရ ၂၊ သထုံ အခြေစိုက် ခမရ - ၁၀၂၊ ၁၁၈ နဲ့ နယ်ခြားစောင့် တပ်ရင်း -၁၀၁၃ တို့ တပ်စွဲထားပြီး အခုဖမ်းဆီးသွားတဲ့ တပ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဖမ်းခံနေရစဉ် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင် မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ NLD ပါတီက ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်လာတဲ့နောက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ ပါဝင်နေကြသူတွေလည်း ရှိနေပါတယ်