မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့မှာ အဖမ်းခံခဲ့ရတဲ့ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို နှစ်ပတ်ကျော် ဖမ်းဆီးထားပြီးနောက် စက်တင်ဘာလ ၁၆ ရက် ဒီကနေ့ မှာတော့ စဉ့်ကိုင်မြို့နယ်ရဲစခန်းက တပ်မတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်လိုက် တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က ကိုဝင်းနိုင်ဦး နေထိုင်နေတဲ့ စဉ့်ကိုင်မြို့က သရက်ခြံမှာ စစ်ကောင်စီဘက်က လာဖမ်းသွားတာဖြစ်ပြီး ဇနီးဖြစ်သူကိုပါ ဖမ်းသွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူက စဉ့်ကိုင် သရက်ခြံမှာနေနေတာ၊ ကိုဝင်းနိုင်ဦးနဲ့အတူ သူ့အမျိုးသမီးလည်း အဖမ်းခံလိုက်ရတာ၊ သူ့အမျိုးသမီးကိုတော့ ဒီနေ့ပြန်လွှတ်ပေးမယ် ပြောထားပေမယ့် အခုညနေအထိတော့ လွှတ်မပေးသေးဘူး၊ ကိုဝင်နိုင်ဦး ကတော့ အမှုဖွင့်ခံလိုက်ရတယ်" လို့ မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။
Channel Mandalay သတင်းဌာနဟာ ဒေသခံတွေရဲ့ လယ်ယာမြေနစ်နာမှုတွေနဲ့ တရားရေးနစ်နာမှုတွေကို အဓိကထားဖော်ပြတဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး ကိုဝင်းနိုင်ဦးဟာ သတင်းထောက်ချုပ်အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အချိန် ခုနစ်လ ကျော်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ သတင်းသမားပေါင်း ၉၀ ကျော်လာပြီဖြစ်သလို ၅၀ နီးပါး ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
