တရုတ်နိုင်ငံ တုံကွမ်နဲ့ ဝမ်တိန်မှာ မြန်မာ ၄၀၀ နီးပါး အဖမ်းခံထားရ

2021.11.17
တရုတ်နိုင်ငံ တုံကွမ်နဲ့ ဝမ်တိန်မှာ မြန်မာ ၄၀၀ နီးပါး အဖမ်းခံထားရ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တရုတ်နိုင်ငံ၊ ၀မ်တိန်မြို့၊ နန်းရှီးစက်ရုံက မြန်မာအလုပ်သမားများကို တွေ့ရစဥ်
Photo: Citizen Journalist

တရုတ်နိုင်ငံ ကွမ်တုန်ခရိုင် တုံကွမ်မြို့ မှာရှိတဲ့ ကျယ်တိုးစို အချုပ်ထောင်နဲ့ ၀မ်တိန်မြို့က နန်းရှီး ပင်လယ်စာ စက်ရုံမှာ မြန်မာနိုင်ငံသား ၄၀၀ နီးပါးဟာ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်မှုနဲ့ အချိန် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံနေကြရတယ်လို့ အဲဒီကနေ ပြန်လည်လွတ်မြောက်လာသူတွေက RFA ကို ပြောပါတယ်။

တုံကွမ်မြို့ သလွင်ရပ်ကွက်မှာရှိတဲ့ ကျယ်တိုးစို အချုပ်ထောင်မှာတော့ မြန်မာနိုင်ငံသား ၃၀၀ ခန့်ရှိပြီး ဘယ်အချိန် ပြန်လွတ်မယ်ဆိုတာ မျှော်လင့်ချက် မဲ့နေကြတယ်လို့ အဲဒီထောင်ကနေ ပြန်လည်လွတ်မြောက် လာတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ကျေးရွာက ကိုအေးလွင်သန်းက ပြောပါတယ်။

"ပိတ်ထားတဲ့ အခန်းလိုက်၊ အခန်းလိုက်ထဲမှာဆိုရင် အကုန်လုံး မြန်မာနိုင်ငံသားတွေချည်းပဲ။ အဆောင်က တော့ အချုပ်က အကျယ်ကြီးပဲ၊ ကိုယ့်အဆောင်နဲ့ကိုယ် ထားတာ၊ အဆောင်ဆိုရင် တစ်ဆောင်ကို ငါးလွှာလောက် ရှိတယ်။ တစ်လွှာမှာ အခန်းက ၁၉ ခန်း ၂၀ လောက် ရှိတယ်။ အဲဒီအထဲမှာ အပြည့်ပဲ ထားတာ မြန်မာနိုင်ငံသားတွေ တစ်ခန်းမှာ ကျွန်တော်တို့ ရောက်တုန်းကဆိုရင် ၂၇ ယောက်၊ ၂၈ ယောက် လောက်ထားတာ။ မြန်မာနိုင်ငံသားတွေ လုံး၀ ပြန်မလွှတ်သေးဘူး။ သူတို့တွေလည်း ကျွန်တော်တို့လိုပဲ စက်ရုံမှာ အလုပ်လုပ်ရင် အဖမ်းခံရတာက များတယ်။ ဆိုးတာတစ်ခုက ကျွန်တော်တို့ကို ဖမ်းပြီးရင် ဘယ်နှစ်၊ ဘယ်နှစ်လ လောက်မှာ ပြန်လွှတ်မယ်ဆိုတာ လုံးဝကို မသိရဘူး။ ဘယ်အချိန်ဘယ်လောက်မှာ လွှတ်မယ်ဆိုတာကို မျှော်လင့်ချက်ကို မဲ့နေကြတာ အဲဒီကလူတွေက"

ကိုအေးလွင်သန်း ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက တရုတ်နိုင်ငံကို ရောက်ရှိသွားခဲ့တာပါ။ သူဟာ တုံကွမ်မြို့ ချန်အမ်းရပ်ကွက်က ဝါယာကြိုး စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလ မှာ တရုတ် ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့တာပါ။

သူနဲ့အတူ အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ထဲက အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၁၇ ဦး အဖမ်းခံခဲ့ရတာဖြစ်ပြီး ကျန်သုံးဦးကတော့ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ကိုအေးလွင်သန်းက ပြောပါတယ်။

တရုတ်ရဲတွေက သူတို့ ၁၇ ဦးထဲက ငါးဦးကို တုံကွမ်မြို့ သလွင်ရပ်ကွက်မှာ ရှိတဲ့ ကျယ်တိုးစို အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပေမယ့် ကျန် ၁၂ ယောက်ကိုတော့ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူးလို့လည်း သူက ပြောပါတယ်။

"အချုပ်နာမည်တော့ ကျယ်တိုးစို တရုတ်စကားနဲ့ ကျယ်တိုးစို ဆိုတော့ အဲဒါ ဆေးဖြတ်စခန်းလို့တော့ ပြောတာပဲ။ အမှုစစ်တော့ ဘယ်လိုလာတာလဲ၊ ဘယ်သူ့အချိတ်အဆက်နဲ့ လာတာလဲ၊ ပွဲစားတွေက ဘယ်သူလဲ၊ မင်တို့ ဝင်လာတာ ဘယ်အပေါက်လဲ ဘယ်လောက်အထိကြာပြီလဲပေါ့နော့်။ ဘယ်စက်ရုံမှာ လုပ်လဲ၊ လစာ ဘယ်လောက်ရလဲ အဲဒီလိုပဲမေးတာ။ ပြီးလို့ရင် ဘယ်အမှုလို့လဲ မပြောဘူး။ သူတို့က တစ်ခါတည်း လက်ထိပ်ခတ်ပြီး ခေါ်သွားတာပဲ။ ပြီးလို့ရှိရင် ဆေးတွေဘာတွေ စစ်ပြီးတော့ အချုပ်ထဲ ချလိုက်တာပဲ။ ကျွန်တော်တို့ ကားနဲ့သွားတဲ့အချိန် မေးတာလေ ကျွန်တော်တို့ သူငယ်ချင်းတွေ ဘယ်မှာလဲလို့ မေးတော့ အတူတူပဲတဲ့ အဲမှာပဲထားမှာပဲတဲ့။ ရောက်တဲ့အချိန် လိုက်စုံစမ်းတော့ မရှိတော့ဘူး၊ ဘယ်ရောက်သွားတယ် မသိတော့ဘူး"

သူနဲ့အတူ ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်က တစ်ဦး၊ ကချင်ပြည်နယ်က တစ်ဦး ပါဝင်ပြီး ကျန်တဲ့လူတွေ ကတော့ ရခိုင်ပြည်နယ် ရသေ့တောင်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ငါးဦးစလုံးကတော့ အဲဒီအချုပ်ထောင်မှာ တစ်နှစ်နီးပါး ချုပ်နှောင်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ကိုးကန့်ဒေသ ရန်လုံကျိုင်း နယ်စပ်ကနေ ပြန်လွတ်လာခဲ့တာပါ။

အလားတူ တုံကွမ်မြို့နယ် စီလီယိုအချုပ်ထောင်မှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအချို့ ရှိနေပြီး သူတို့ ပြန်လွတ်လာရေးအတွက် ဝိုင်းဝန်း ကူညီပေးစေချင်တယ်လို့ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ရှန်းတုန်းခရိုင် ဝမ်တိန်မြို့က နန်းရှီး ပင်လယ်စာစက်ရုံမှာတော့ မြန်မာနိုင်ငံသား ၉၀ ဟာ စက်ရုံထဲမှာ ထိန်းသိမ်းပြီး လုပ်ခလစာ မပေးဘဲ အလုပ်စေခိုင်းခံနေရတာလို့ အဲဒီစက်ရုံက ပြန်လွတ်လာသူ ကိုအောင်မြတ်မင်း က ပြောပါတယ်။

china-seafood-factory.jpg
တရုတ်နိုင်ငံ၊ ၀မ်တိန်မြို့က နန်းရှီးပင်လယ်စာစက်ရုံကို တွေ့ရစဉ် (Photo: CJ)

နန်းရှီးစက်ရုံဟာ တရုတ်နိုင်ငံကနေ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကို ပင်လယ်ထွက်ကုန်တွေ အဓိက တင်ပို့တဲ့ စက်ရုံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က အဲဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို စက်ရုံပိုင်ရှင်နဲ့ တရုတ် ရဲတွေက ပူးပေါင်းဖမ်းဆီးလိုက်ပြီး အချုပ်ထောင်ကိုမပို့ဘဲ အဲဒီစက်ရုံမှာပဲ အဓမ္မ အလုပ်စေခိုင်းခံနေရတာလို့ ကိုအောင်မြတ်မင်းက ပြောပါတယ်။

သူဟာ အဲဒီအထဲက အလုပ်သမားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ညီဖြစ်သူရဲ့ အကူအညီနဲ့ မြန်မာသံရုံးကို တိုင်ကြားခဲ့ပြီးနောက် သံရုံးရဲ့ အကူအညီနဲ့ ကိုအောင်မြတ်မင်း အပါအဝင် ခြောက်ဦး ပြန်လွတ်လာခဲ့တာပါ။

အဲဒီစက်ရုံမှာ ကျန်နေတဲ့ အလုပ်သမားပေါင်း ၉၀ ကတော့ ဒီနေ့အထိ စက်ရုံထဲမှာ ထိန်းသိမ်းပြီး အဓမ္မ ခိုင်းစေခံနေရဆဲဖြစ်တယ်လို့ ကိုအောင်မြတ်မင်းက ပြောပါတယ်။

"စန်းတုံးဝေ့ဟိုင်ထဲက ဝမ်တိန်မြို့နယ် နီးရှီး ဂရုထဲမှာ ကုမ္ပဏီနာမည်က ယန်မိန်လို့ခေါ်တယ်ဗျ။ အကုန်လုံး အလုပ်လုပ်တယ်ဗျ။ ကျွန်တော်တို့ မြန်မာပြည်သားပဲ ၄၆ ယောက်ပေါ့။ ကျွန်တော်တို့ကို ဖမ်းတဲ့ ကုမ္ပဏီထဲမှာပဲ သူတို့က အကျဉ်းထောင်လိုမျိုး သံတံခါးတွေ သံတိုင်တွေနဲ့ နှစ်ရက်၊ သုံးရက် အပြီးအစီးလုပ်ပြီးတော့မှ အဲကုမ္ပဏီမှာပဲ ထားပြီးတော့ ဝမ့်တိန်းမြို့နယ်ထဲမှာပဲ သံကုမ္ပဏီဆိုတဲ့ ဂွစက်ရုံ ထဲကနေ မြန်မာနိုင်ငံသား ၂၈ ယောက်ထင်တယ်။ ပြန်ဖမ်းလာပြီး ထည့်ထားတာ အဲလိုမျိုး။ အဆောင်ပေါ် မှာက အခန်းကိုးခန်း ရှိတယ်။ ကိုးခန်းမှာ ပထမဖမ်းတဲ့ ၄၆ ယောက်မှာ မိန်းကလေး သပ်သပ်၊ ယောက်ျားလေး သပ်သပ် ထားပြီးတော့ လူအခန်းမှာ ကိုးယောက် ပြည့်ပြီဆို တံခါးသော့ခတ်ပြီးတော့ တစ်ခန်းနဲ့ တစ်ခန်းက စကားပြောချင်လည်း မရှိဘူး၊ အဆက်အသွယ်မရအောင် လုပ်ထားတာပေါ့။ ပြီးကျရင် ဒီကုမ္ပဏီထဲမှာ ကျွန်တော်တို့ကို မဖမ်းခင် ဖမ်းပြီးထည့်ထားတာက ၂၃ ယောက်ထင်တယ်။ အဲလိုရှိသေးတယ်ဗျ။ စုစုပေါင်းဆိုရင် ၉၆ ယောက်နီးပါး ရှိတယ်။ ကျွန်တော်တို့ကို မဖမ်းခင် ပထမအသုတ် ဆို တော်တော်ကြာပြီဗျ အရင်နှစ်ကနေ ဖမ်းထားတာ ဒီနှစ်နဲ့ဆို နှစ်ဝက်လောက်ရှိပြီ။ သူတို့ဆို အခုထိ ပြန်မလွတ်လာသေးဘူးဗျ"

စက်ရုံထဲကနေ မြန်မာသံရုံးကို တိုင်ကြားခဲ့ပြီးနောက် တရုတ်လုပ်ငန်းရှင်နဲ့ ရဲတွေဟာ ကိုအောင်မြတ်မင်းကို တခြားတစ်နေရာမှာ အချိန် ၁၁ ရက်တိတိ လက်ထိပ်ခတ်ပြီး တစ်ယောက်တည်း ဖမ်းဆီးထိန်းသိမ်း ထားခဲ့ရတယ်လို့ ကိုအောင်မြတ်မင်းက ပြောပါတယ်။

သူ့အနေနဲ့ စက်ရုံထဲမှာ ထိန်းသိမ်းပြီး အလုပ်စေခိုင်းခံနေရတဲ့ လူပေါင်း ၉၀ ရဲ့ စာရင်းကို မြန်မာသံရုံးကို ပေးထားသလို ဒီအကြောင်းကို မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်အချို့ကိုလည်း ဖုန်းဆက်အသိပေးထားတယ်လို့ ဆိုပါတယ်။

"ကျန်တဲ့သူတွေက ဘယ်မှာဖမ်းထားတယ်ဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ တခြား ကုမ္ပဏီတွေမှာခေါ်ပြီး အလုပ်ခိုင်းထားတာလေ"

လက်ရှိ ဝမ်တိန်မြို့မှာ အလုပ်လုပ်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုအောင်မြတ်မင်းရဲ့ ညီဖြစ်သူက အဲဒီမြို့က စက်ရုံအများစုမှာ အခုလိုပဲ ကုမ္ပဏီနဲ့ တရုတ်ရဲတွေ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး အလုပ် ခိုင်းစေနေတာတွေ နောက်ထပ် ၃၀၀ ခန့် ရှိနေသေးတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ အစ်ကိုတို့နဲ့ အတူအဖမ်းခံရတဲ့သူတွေထဲက ကျွန်တော်တို့ အစ်ကိုတို့ လေး၊ ငါးယောက်ပဲ ပြန်လွတ်တယ်။ ကျန်တဲ့သူတွေက ဘယ်မှာဖမ်းထားတယ်ဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ တခြား ကုမ္ပဏီတွေမှာ ခေါ်ပြီး အလုပ်ခိုင်းထားတာလေ။ ရဲတွေက ပြန်မပို့ဘဲနဲ့။ သံရုံးကတော့ ၁၁ လပိုင်း ပြန်လွတ်မယ်ပြောတာပဲ။ ဘာမှ အဆက်အသွယ်မရဘူး။ ကျွန်တော့်အစ်ကိုတောင်မှ ကျွန်တော်သံရုံးနဲ့ အဆက်အသွယ်လုပ်ပြီး သံရုံးကို တိုင်ပြီး နှစ်လ လောက်မှ ပြန်လွတ်လာတာရော။ သံရုံးက ပြန်ပို့မယ် ပြန်ပို့မယ်ပဲပြောတာ၊ ကျွန်တော်တို့ စကားပြောရင် ပြန်မပြောလာဘူး။ စကားပြောထားပြီး တစ်ပတ် လောက်နေမှ ပြန်ပြန်ပြောလာတာလေ။ သူတို့လည်း မအားတာလား ဘယ်လိုလဲတော့ မသိဘူး ခုကအဲ့လို"

တရုတ်နဲ့ မြန်မာနှစ်နိုင်ငံကြားမှာ တရားဝင်အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူညီမှု မရှိသေးပါဘူး။

ဒါပေမဲ့ နှစ်စဉ် မြန်မာနိုင်ငံသား သိန်းနဲ့ချီပြီး တရုတ်နိုင်ငံထဲကို သွားရောက် အလုပ်လုပ်နေကြတာပါ။ ဒီလို သဘောတူညီမှု မရှိတဲ့အတွက် တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အများစုဟာ တရားမဝင် အလုပ်သမားအဖြစ် သတ်မှတ်ခံရပြီး လုပ်အား ခေါင်းပုံဖြတ်ခံရသလို မကြာခဏ ဖမ်းဆီးခံနေကြရတာလို့ တရုတ်နယ်စပ်မှာ နေထိုင်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အခုလို အဖမ်းခံနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံး ကို RFA ဖုန်းနဲ့က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကို အီးမေလ်နဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေရဲ့ အခွင့်အရေးကို အလေးထားကြောင်း၊ အခက်အခဲနဲ့ အငြင်းပွားမှုတွေ ကြုံရရင် နီးစပ်တဲ့ ပြည်တွင်းလုံခြုံရေး အေဂျင်စီတွေ သံရုံးတွေနဲ့ နီးစပ်တဲ့ ကောင်စစ်ဝန် ရုံးတွေကို ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ တုံ့ပြန်ပါတယ်။

တရုတ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့ တရုတ်နိုင်ငံဟာ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားသားတွေ အလုပ်လုပ်တာ၊ ပညာ သင်တာနဲ့ နေထိုင်မှုတွေကို တရုတ်နိုင်ငံဘက်က ကြိုဆိုပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမှာ ဖြစ်တယ်လို့ တရုတ်သံရုံးက တုံ့ပြန်ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး ရာဇဝတ်မှုတွေကို ဥပဒေကြောင်း အရ အရေးယူမှာဖြစ်တယ်လို့ တရုတ်သံရုံး တုံ့ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။