သတင်းသမား ခြောက်ဦးကို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်

2021-03-12
Share
သတင်းသမား ခြောက်ဦးကို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးထုတ် သတင်းထောက်တွေကို အွန်လိုင်းကနေ ရုံးထုတ်မယ့် ကမာရွတ်တရားရုံးကို အမေရိကန်သံရုံးအရာရှိတစ်ဦး ၂၀၂၁ မတ် ၁၂ ရက်နေ့က လာရောက်နားထောင်စဉ်
Photo: RFA

ရန်ကုန်မြို့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သတင်းယူရင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ခြောက်ဦးကို တပ်မတော်ကို အကြည်ညို ပျက်စေမှု ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာကို မတ်လ ၁၂ ရက်နေ့ ဒီနေ့မှာ စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ဗီဒီယို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ MPA သတင်းဌာနက ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ AP သတင်းဌာနက ကိုသိန်းဇော်၊ 7 Days သတင်းစာက ကိုအောင်ရဲကို၊ အလွတ်သတင်းထောက် ကိုဗညားဦး၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည်ဇော်တို့ သက်ဆိုင်ရာ မြို့နယ်တရားရုံး တွေမှာ ရုံးထုတ်ခဲ့တာပါ။

ဒီနေ့ရုံးထုတ်မှာ ရှေ့နေပါဝါတင်တာတွေအပြင် ကာယကံရှင်နဲ့ မိသားစုဝင်တစ်ဦးစီ အွန်လိုင်းကနေ စကားပြောခွင့်ရခဲ့တယ်လို့ မကေဇွန်နွေးနဲ့ ကိုအောင်ရဲကိုတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်သူ့ပါတီ ဗဟိုဥပဒေရေးရာအထောက်အကူပေးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က RFAကို ပြောပါတယ်။

7 Day သတင်းစာက ကိုအောင်ရဲကို ကို မတ်လ ၂၄ ရက်နေ့ ရုံးပြန်ချိန်းလိုက်ပြီး Myanmar Now သတင်းဌာနက မကေဇွန်နွေးကိုတော့ မတ်လ ၂၅ ရက်နေ့ ရုံးပြန်ချိန်းလိုက်တယ်လို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

သတင်းထောက်တွေကို ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီပုဒ်မဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုးမဟုတ်ပေမယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (က)ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက အမိန့်ချရင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချခံရနိုင်ပါတယ်။

ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးထုတ်မှာ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော် အပါအဝင် AP သတင်းဌာနက ကိုသိန်းဇော်နဲ့ နောက် သတင်းထောက်တစ်ဦးကိုလည်း ရုံးထုတ်လာတာ တွေ့ရတယ်လို့ ကိုဟိန်းပြည့်ဇော်ရဲ့ ရှေ့နေ ဒေါ်ချိုချိုလင်းက ပြောပါတယ်။

ကိုဟိန်းပြည်ဇော်အပါအဝင် ဒီနေ့ ရုံးထုတ်လာသူတွေကို မတ်လ ၂၄ ရက်နေ့ ရုံးပြန် ချိန်းလိုက်ပါတယ်။

စစ်ကောင်စီက စွပ်စွဲသလို လှုံ့ဆော်တာမဟုတ်ဘဲ မြေပြင်ဖြစ်ပျက်နေတဲ့ အခြေအနေကို ရိုက်ကူး တင်ဆက်တာဖြစ်ပြီး ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ကိုဟိန်းပြည့်ဇော်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ကမာရွတ်မြို့နယ် ရုံးချိန်းမှာ ထူးခြားချက်အနေနဲ့ အမေရိကန်သံရုံးက သံအရာရှိ တစ်ဦးကို တရားခွင်ထဲ ဝင်ရောက်နားထောင်ခွင့်ပြုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး မတ်လ ၁၀ ရက် နေ့အထိ ရရှိထားတဲ့ သတင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ သတင်းသမား ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီထဲက ၂၂ ယောက်ကို ပြန်လွှတ် ပေးလိုက်ပါတယ်။

အဲဒီလူတွေထဲက စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် သတင်းထောက် နှစ်ယောက်ကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး၊ အာမခံနဲ့ လွှတ်ပေးထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ပုသိမ်မြို့အခြေစိုက် သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ မြိတ်မြို့နယ်က DVB သတင်းထောက် ကိုအောင်ကျော်၊ ပြည်မြို့က DVB သတင်းထောက် ကိုမင်းညို၊ ရန်ကုန်က အလွတ်ဓာတ်ပုံသတင်းထောက် ကိုပြည့်ဖြိုး၊ အလွတ်သတင်းထောက် ကိုသစ်မြတ်ဇော်တို့အပြင် မတ်လ ၉ ရက်နေ့က သတင်းစာတိုက်ကို ဝင်စီးပြီး ဖမ်းထားတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်၊ တွဲဖက်တည်ထောင်သူ ကိုဟန်သာညိမ်း တို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့