စစ်ကိုင်းအခြေစိုက် Zeyar Time က သတင်းထောက်နှစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်းအခြေစိုက် Zeyar Time သတင်းဌာနက ကိုစောပြည့်ချမ်းသာနဲ့ ကိုဒီမြတ်ငြိမ်း တို့ကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းအခြေစိုက် Zeyar Time သတင်းဌာနက ကိုစောပြည့်ချမ်းသာနဲ့ ကိုဒီမြတ်ငြိမ်း တို့ကို တွေ့ရစဉ် (.)

စစ်ကိုင်းတိုင်းအခြေစိုက် Zeyar Time သတင်းဌာနက ကိုဒီမြတ်ငြိမ်းနဲ့ ကိုစောပြည့်ချမ်းသာတို့ သတင်းထောက် နှစ်ဦးဟာ ဇွန်လ ၂၆ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကိုပြောပါတယ်။

မနေ့က မနက် ၁၁ နာရီလောက်မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကိုဒီမြတ်ငြိမ်းကို သူ့နေအိမ်မှာ လက်ထိပ်ခတ်ခေါ်သွားပြီး ဖိနပ်တောင် ပါမသွားတာကို တွေ့ရတယ်လို့ လုံခြုံရေးအရ နာမည် မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

သူဟာ ပုံမှန်ဆိုရင် အိမ်မှာရှိတာနည်းပြီး အိမ်ကို ခဏပြန်လာချိန်မှာ အခုလိုအဖမ်းခံ လိုက်ရတာဖြစ်ပြီး ဘာကြောင့်အခုလို ဖမ်းတာလဲဆိုတာ မသိရသေးပါဘူး။

ဒီနေ့မနက်မှာတော့ သူ့အတွက် အဝတ်အစားနဲ့ အစားသောက်တွေ လာပို့လို့ရတဲ့အကြောင်း စစ်ကိုင်းမြို့ အမှတ် (၁) ရဲစခန်းကနေ ဆက်သွယ်လာတယ်လို့လည်း ပြောပါတယ်။

အဲဒီနေ့ မနေ့က တစ်ရက်တည်းမှာပဲ Zeyar Time သတင်းဌာနကပဲ သတင်းထောက်ဟောင်း တစ်ဦး ဖြစ်တဲ့ ကိုစောပြည့်ချမ်းသာလည်း ညနေပိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။

Zeyar Time သတင်းဌာနဟာ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ သတင်းဌာန တစ်ခု ဖြစ်ပြီး ဒေသတွင်း သတင်းတွေကို ထုတ်ဖော်ရေးသားနေတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဇွန် ၂၆ ရက်အထိ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၈၇ ယောက်ရှိနေပြီလို့ ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာသတင်းသမားများ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြထားပါတယ်။