မောင်တောမှာ ARSA ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိကြောင်း AA ပြော

အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။ (Arakan Rohingya New Generation Organization via Facebook Photo)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုမြို့ကနေ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ပြီး ပြန်လာတဲ့ အရပ်သားကားတစ်စီးကို အောက်တိုဘာ ၆ ရက်နေ့မှာ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရ သွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

သေဆုံးသူက မောင်တောမြို့ အောင်မင်္ဂလာရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးဖြစ်ပြီး ဒဏ်ရာရသူ လေးဦးထဲမှာတော့ နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ တောင်ပြိုနဲ့ မီးတိုက်ရွာကားလမ်းမပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး လက်ရှိမှာတော့ AA နဲ့ ARSA အဖွဲ့တို့ မောင်တောမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မောင်တောဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မောင်တောမှာ ARSA နဲ့ AA တို့ တိုက်ပွဲဖြစ်နေတယ်။ ARSA အဖွဲ့က အတော်လေး အကျဆုံးများတယ်လို့ သိရတယ်။ အဓိကတော့ မနေ့က အရပ်သားကားတစ်စီးကို အာဆာအဖွဲ့က ပစ်လို့ သေဆုံး၊ ဒဏ်ရာရသွားကြတယ်လေ။ အဲဒါကို AA သိတော့ ချက်ချင်းအဲဒီနေရာကို စစ်ကြောင်းထိုးပြီး သွားတိုက်တာ”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ARSA အဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှာ အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။