ဘင်္ဂလားဒေ့ရှ်မှာအလိုရှိနေတဲ့ အာဆာခေါင်းဆောင်တစ်ယောက်နဲ့ အဖွဲ့ဝင်နှစ်ယောက် လက်ရဖမ်းဆီးမိ

ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အာဆာအဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးနဲ့အတူ နောက်ထပ်အဖွဲ့ဝင်နှစ်ဦးကို ကော့ဆ်ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုကနေ လက်ရဖမ်းမိထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက် တနင်္လာနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်လို့ နာမည်ပေးထားတဲ့ ARSA လက်နက်ကိုင်တပ် ဟာ မြန်မာ ပြည်ရဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်မြေထဲမှာ အခြေချထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက် လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတွေက တောက်လျှောက် ငြင်းဆိုနေခဲ့တာပါ။

ဒါပေမဲ့ အခုတော့ အာဆာအဖွဲ့ကလို့ သံသယရှိထားတဲ့ အသက် ၃၇ နှစ်အရွယ် အဗူ ဘက္ကာနဲ့ အသက် ၂၆ နှစ်အရွယ် ဆိုင်ဒူလ်အေမင်ကို တနင်္ဂနွေနေ့ကဖမ်းမိပြီး၊ အသက် ၄၇ နှစ်အရွယ် နူဝါမိုဟာမက်ကို ဇူလိုင် ၇ ရက်နေ့ကဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာပါတယ်။ သူတို့သုံးဦးစလုံးကို အကျဉ်းထောင်ထဲပို့ထားဖို့ ကော့ဆ်ဘဇားခရိုင် တရားရုံးက ညွှန်ကြားချက်ထုတ်လိုက်တယ်လို့ ဥကိရခရိုင်ခွဲ ရဲအရာရှိချုပ် ရှိတ်မိုဟာမက် အလီ ကပြောပါတယ်။

ဒုက္ခသည်စခန်းတစ်ခုရဲ့တာဝန်ခံဖြစ်နေတဲ့ အဗူဘက္ကာဟာ အဖမ်းမခံရအောင် နာမည်တုနဲ့ နေထိုင် တာလို့ ရဲသေနတ်ကိုင်တပ်ရင်း ၈ ရဲ့ တပ်ရင်းမှူး ဟော့စိန်ကပြောပါတယ်။ သူဟာ ကော့ဆ်ဘဇား ခရိုင်မှာ ရာဇဝတ်မှုနဲ့ ရဲတပ်ဖွဲ့က အလိုအရှိဆုံးလူတွေထဲကတစ်ဦး ဖြစ် တယ်လို့ RFA နဲ့ မိတ်ဖက် ဌာနဖြစ်တဲ့ Benar သတင်းဌာနကို ပြောပါတယ်။ အဗူဘက္ကာ ဟာ ၂၀၂၁ ခုနှစ်က ရိုဟင်ဂျာ ခြောက်ဦးကိုသတ်လိုက်တဲ့အမှုရော၊ မကြာသေးခင်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေမှာပါ ပတ်သက်တယ်လို့ ရဲ သနက တပ်ရင်း (၈) ရဲချုပ်က ပြောပါတယ်။

အေမင် ကတော့ လက်နက်မှောင်ခိုသမားဖြစ်ပြီး၊ မိုဟာမက်က အာဆာအဖွဲ့ရဲ့ အစ္စလာမ် ဘာသာရေး ဥပဒေသဆိုင်ရာကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တယ်လို့ ရဲသနကတပ်ရင်း (၁၄) ရဲ့ တပ်ရင်းမှူး နီမူလ်ဟိဂ် ကပြောပါတယ်။

အဗူဘက္ကာနဲ့ အေမင်ကိုဖမ်းမိဖို့ ဒရုန်းခေါ် မောင်းသူမဲ့လေယာဉ်ငယ်ထောက်လှမ်းရေး ကင်မရာတွေ ရဲတပ်ဖွဲ့ကို တပ်ဆင်ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။ အေမင်ဟာ တခြားအဖွဲ့ဝင်တွေကို မြန်မာ စစ်တပ်မှာ အသုံးပြုတဲ့ G3 အပါအဝင် တခြားသေနတ်တွေ ကိုင်တွယ် ပစ်ခတ်နည်းသင်ပေးတဲ့သူဖြစ် တယ်လို့လည်း ရဲတပ်ရင်းမှူးနီမူလ်ဟိဂ် ကပြောပါတယ်။ အဲဒီအပြင် အေမင်ကို စစ်ဆေးတဲ့အခါ သူဟာ မြန်မာပြည်ကတောထဲမှာ လက်နက်ကိုင်တွယ်ပစ်ခတ်နည်းကို ခြောက်လလောက် သင်တန်းတက်ခဲ့တယ်လို့ ထွက်ဆိုတယ်လို့ပြောပါတယ်။ သူ့မိသားစုက ကော့ဆ်ဘဇားမှာရှိနေတဲ့ အတွက် မိသားစုနဲ့ လာတွေ့တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က သူ့ကိုဖမ်းမိတာဖြစ်ပါတယ်။ G3 သေနတ် ကိုင်ပြီး ရိုက်ထားတဲ့ အေမင်ရဲ့လှုပ်ရှားမှုဓာတ်ပုံတွေလည်း ရဲတပ်ဖွဲ့က ရရှိထားပါတယ်။

အဗူဘက္ကာလိုပဲ မိုဟာမက်ကလည်း လျှို့ဝှက်နေထိုင်သလို၊ မော်လဝီဆရာအသွင် ဟန်ဆောင်ပြီး ညအချိန်ကာလတွေမှာမှ ထွက်ပြီးလှုပ်ရှားလေ့ရှိတယ်လို့ ရဲအရာရှိ နီမူလ်ဟိဂ်ကပြောပါတယ်။ အဲဒီလို ညဘက်ထွက်တာက သူ့လှုပ်ရှားမှုကို ပိုပြီး အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ခြောက်လအတွင်း အာဆာနဲ့ ဆက်နွှယ်တဲ့ ရိုဟင်ဂျာ အနည်းဆုံး ၈၃၆ ဦး ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့က ဘနားသတင်းဌာနကိုပြောပါတယ်။ အဲဒီအပြင် နိုင်ငံ ခြားဖြစ် ပြောင်းတိုသေနတ် သုံးလက်နဲ့ ပြောင်းရှည်သေနတ်အလက် ၂၀ သိမ်းဆည်း မိထားတယ်လို့ ပြောပါတယ်။

နိုင်ငံတကာမှာ လူသိများသွားတဲ့ ရိုဟင်ဂျာအဖွဲ့တစ်ခုခေါင်းဆောင် မိုဟင်အူလာ သတ်ဖြတ်ခံရတဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်းမှာ ရာဇဝတ်မှုတွေ၊ မူးယစ် မှောင်ခိုမှုတွေနဲ့ ဆက်နွှယ်ပြီး ဖမ်းထားတဲ့ ရိုဟင်ဂျာ ၂၀၀၀ နီးပါးရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေရှိနေတဲ့ ကော့ဆ်ဘဇားခရိုင်က ဒုက္ခသည် တွေဟာ အကြောက်တရားတွေနဲ့ နေထိုင်ရတယ်လို့ ထုတ်ဖော်ပြောဆိုကြ ပါတယ်။ ဒါကြောင့် ဒုက္ခသည် စခန်းတွေကို ခြေကုပ်ယူပြီး လှုပ်ရှားနေတဲ့ အာဆာအဖွဲ့ဝင် တွေကို ပြင်းပြင်းထန်ထန် ရှာဖွေ နှိမ်နင်းဖို့ အယာဆာ ရာမန်ဆိုတဲ့ အဲဒီဒေသမှာနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အရပ်ဘက်ခေါင်းဆောင်တစ်ဦးက သူ့အစိုးရကို တိုက်တွန်း ပါတယ်။

အာဆာအဖွဲ့ဝင်တွေဟာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုအပါအဝင် တရားမဝင် ကိစ္စတွေ၊ ကိုယ်ကျင့်တရားမကောင်းတဲ့လုပ်ရပ်တွေကို ထိန်းချုပ်လွှမ်းမိုးထားတယ်လို့ ဥကိရစခန်းအမှတ် (၁) က အမည်မဖော်လိုတဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အာဆာကို ဆန့်ကျင်တဲ့သူဟာ ပစ်မှတ်ထားတိုက်ခိုက်ခံလာရတဲ့အတွက် သူတို့နဲ့ ပတ်သက်လို့ ဘယ်သူတစ်ဦးတစ်ယောက်မှ သူတို့အကြောင်း ထုတ်မပြောရဲဘူးလို့ သူက ပြောပါတယ်။
ဒုက္ခသည်စခန်းတွေထဲက အကြမ်းဖက်လုပ်ရပ်တွေကို ဒေသခံလူမှုအသိုင်းအဝိုင်းကလည်း ကြောက်နေ ကြတယ်လို့ ဥကိရဒေသအုပ်ချုပ်ရေးမှူး ချောင်ဒူရီက ဘနားသတင်းဌာနကို ပြောပါတယ်။

ရိုဟင်ဂျာတွေ ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကနေကာကွယ်ဖို့ ရဲတပ်ဖွဲ့တွေက ကြိုးစား ရုန်းကန်နေကြရတယ်လို့လည်း သူက ပြောပါတယ်။