AI အစီအရင်ခံစာပါ လူသတ်မှုများကို ARSA ငြင်းဆို

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ် (Photo Courtesy: Amnesty International)

၂ဝ၁၆ စက်တင်ဘာလ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေအတွင်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေက ဟိန္ဒူဘာသာဝင် ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း မေလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး AI ရဲ့ အစီအရင်ခံစာပါ အချက်တွေကို ငြင်းဆိုကြောင်း ARSA အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ARSA အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အကာကွယ်ပေးဖို့သာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

AI အဖွဲ့အစီအရင်ခံစာမှာ စုံစမ်းစစ်ဆေးချက် အသစ်တွေအရ မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေး ရွာမှာ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဟိန္ဒူဘာသာဝင် ၅၃ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ARSA အဖွဲ့ဝင်တွေအနေနဲ့ ဟိန္ဒူကလေး၊ အမျိုးသမီးနဲ့ အမျိုးသားတွေကို ရွာအပြင်ထုတ် ရက်ရက်စက်စက် မသတ်ဖြတ်ခင် ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့ကြောင်း၊ အမျိုးသားတွေကို သတ်ပြီး အမျိုးသမီး တချို့ကို အတင်းကြပ် အစ္စလာမ်ဘာသာကို ကူးပြောင်းခိုင်းပြီး ခေါ်ဆောင်သွားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။