မတ္တရာမှာ လက်နက်ကြီးကြောင့် နှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
2023.11.30
မန္တလေးတိုင်း မတ္တရာမြို့နယ် ဘိုကုန်းရွာထဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နှစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ် မိသားစုဝင်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကုန်းရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျွဲခြံကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီပစ်ခတ်မှုကြောင့် အသက် နှစ်နှစ်နဲ့ ငါးလအရွယ် မောင်မင်းခန့်ဗိုလ် သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စစ်ကောင်စီဘက်က လက်နက်ကြီးတစ်လုံး လှမ်း ပစ်တယ်ပေါ့။ ရွာထဲကို တည့်တည့်ပစ်တာပေါ့လေ။ ပစ်လိုက်တော့ အိပ်နေတဲ့ မိသားစု အိမ်ရှေ့ကို ကျတယ်။ ဗုံးဆို ပေါက်ကွဲတော့ သူတို့ထကြည့်လိုက်တော့ နှစ်နှစ်ကျော်ကျော် ကလေးလေး တစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်"
လက်နက်ကြီးကြောင့် နောက်ထပ် မိသာစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရသလို နေအိမ်လည်း ပျက်စီးခဲ့ပြီး နွားသုံးကောင်လည်း သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ် အင်အား ငါးဆယ်ခန့်က ကျွဲခြံကုန်းရွာမှာ လာရောက်တပ်ဆွဲထားတာ ဆယ်ရက်ခန့် ရှိနေပြီး ဘေးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတာတွေ ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်ထဲက အချက်အချာကျတဲ့ နေရာတွေနဲ့ ရွာတချို့မှာ စစ်ကောင်စီတပ်က အထိုင်ချနေရာယူထားတာတွေရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကတော့ မတ္တရာမြို့နယ် အောင်ကန်သာရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း ကင်းရွာသား သုံးဦးနဲ့ သရက်ကိုင်းရွာသား သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားက အရပ်သား ၅၃၄ ယောက် သေဆုံးပြီး ၁၀၆၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။