ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အအုံငါးလုံး ပျက်စီး

RFA Burmese
2024.12.02
ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အအုံငါးလုံး ပျက်စီး ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် KNU မှ ထုတ်ပြန်ထားစဉ်။
Facebook/ Karen National Union

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဘုန်ကြီးကျောင်း လေးကျောင်းနဲ့ ဓမ္မာရုံ တစ်ခု ထိခိုက်ပျက်စီးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ခလရ (၂၆၄) တပ်ရင်းက ကျွဲတလင်းနဲ့ ရွာသာယာရွာအပါအဝင် ရွာလေးရွာထက်မနည်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျွဲတလင်းရွာ ဘုန်းကြီးကျောင်းနဲ့ ရွာသာယာရွာ ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှာလည်း ခလရ (၂၆၄) တပ်ရင်းက ရွာရှစ်ရွာခန့်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့်လည်း နတ်လင်းရွာက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ အင်းနက်ရွာက ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးတယ်လို့ KNU က ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၈ လုံး ပစ်ခတ်ခဲ့သလို၊ ဒရုန်းနဲ့လည်း အကြိမ် နှစ်ဆယ်အထိ တိုက်ခိုက်တာကြောင့် ကျေးရွာဆေးပေးခန်း နှစ်ခု၊ ဆန်စက် တစ်လုံး၊ နေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

နိုဝင်ဘာလအတွင်း ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏဆိုသလိုရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းကြောင့်လည်း အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို လက်နက်ကြီး ၈၆ လုံး ပစ်ခတ်ခဲ့တာကြောင့်လည်း ခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနဲ့ ဆေးပေးခန်းတွေ ပျက်စီးခဲ့သလို ဒေသခံ နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ KNU က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။