နယ်စပ်ကနေ အကူအညီပေးဖို့ အာဆီယံကို တိုင်းရင်းသားအဖွဲ့တွေတောင်းဆို
2023.05.10

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့နေရာမှာ နယ်စပ်ဒေသတွေဖြတ်ပြီး ဒေသခံတွေဆီအရောက်ပို့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က တောင်းဆိုလိုက်ပါတယ်။
အာဆီယံအကူအညီပေးရေး သံတမန်အဖွဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် တိုင်းရင်းသားအဖွဲ့တွေက အခုလိုအကြံပေး တောင်းဆိုလာတာဖြစ်ပါတယ်။
နယ်စပ်ကနေတစ်ဆင့် အကူအညီပေးတဲ့နေရာမှာလည်း စစ်ကောင်စီနဲ့ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ KNU၊ KNPP၊ CNF နဲ့ NUG တို့ ပူးပေါင်းပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့ လုပ်ငန်းတွေမှာ မြန်မာစစ်တပ်က တားဆီးပိတ်ပင်တာတွေရှိနေတယ်လို့လည်း အဲဒီအဖွဲ့တွေက ပြောထားပါတယ်။
NUG အစိုးရဝန်ကြီး ဒေါက်တာဆာဆာက လက်ရှိဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံထဲ ဝင်ရောက်လာဖို့ အလားအလာရှိနေပြီး အဲဒီအတွက်လည်း အရေးတကြီး အကူအညီတွေ ကြိုထည့်စဉ်းစားထားဖို့လိုတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ရှမ်းပြည်နယ် ဆီဆိုင်မြို့ကိုသွားတဲ့ အာဆီယံ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုဟာ စစ်တပ်နဲ့ ဆက်စပ်တဲ့အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး အဲဒီတိုက်ခိုက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုံခြုံစွာဆောင်ရွက်နိုင်ရေး စီစဉ်ဖို့အရေးကြီးနေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ အာဆီယံရဲ့ စိုးရိမ်ပူပန်မှုကို ကျော်လွန်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုအဆင့်ကို ရောက်ရှိနေတယ်လို့လည်း ထောက်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သဘောတူချမှတ်ထားတဲ့အတိုင်း အကူအညီလိုအပ်နေသူတွေ အားလုံးဆီကို ပျံ့နှံ့ရောက်ရှိအောင် လုပ်သွားမယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းခွဲရှိလာပြီး အရင်ကရှိခဲ့သူတွေနဲ့ဆိုရင် ဒုက္ခသည် ၁.၈ သန်းအထိ ရှိနေပါတယ်။
မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးစင်တာ AHA ကနေ စစ်ကောင်စီအာဏာပိုင်တွေရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။