နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ အာဆီယံကတိပြု

မြန်မာ့အရေးဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာအောင် အဓိက ကြိုးပမ်းသွားမယ်လို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဂျာကာတာမှာ စတင်ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေး ပထမနေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီက ပြောခဲ့တာပါ။

အင်ဒိုနီးရှားအနေနဲ့ အချက်သုံးချက်ကို ဦးစားပေး လုပ်မယ်လို့သူကဆိုပါတယ်။ "သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးရေး ပထမခြေလှမ်း အနေနဲ့ လုပ်မယ်။ အဲဒီလိုဖြစ်လာဖို့လည်း သက်ဆိုင်သူ အားလုံးနဲ့ စပြီးတော့ ချည်းကပ်ဆောင်ရွက်နေပြီ။ ဒုတိယအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ပေါ်လာဖို့ အထောက်အကူဖြစ်မယ့် အခြေအနေတွေ ဖန်တီးမယ်။ နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရေးအတွက်ဆိုရင် အကြမ်းဖက်မှုတွေ ရပ်ဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ ဆိုတဲ့ အချက်နှစ်ချက်က အင်မတန်အရေးကြီးတယ်။ အာဆီယံဟာကုလသမဂ္ဂရဲ့ သံတမန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ သက်ဆိုင်ရာတခြားနိုင်ငံတွေနဲ့ မြန်မာ့အရေး စုပေါင်းဆောင်ရွက်သွားမယ်လို့" ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုရော၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုရော ဖိတ်ကြားတာမရှိပါဘူး။

အင်ဒိုနီးရှားနဲ့ NUG အစိုးရကြား တရားဝင်တွေ့ဆုံတာ မရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

000_338F73J.jpg
ASEAN Secretary General and Foreign Ministers (except Myanmar) attend the 32nd ASEAN Coordinating Council meeting in Jakarta on February 3, 2023. - Foreign ministers attending: Malaysia's Zambry Abdul Kadir, Brunei's Erywan Pehin Yusof, Singapore's Vivian Balakrishnan, Thailand's Don Pramudwinai, Vietnam's Bui Thanh Son, Indonesia's Rento Marsudi, Laos' Saleumxay Kommasith, Philippines' Enrique Austria Manalo, Cambodia's Prak Sokhonn, East Timor's Adaljiza Magno, ASEAN Secretary General Kao Kim Hourn (Photo by BAY ISMOYO / AFP) (BAY ISMOYO/AFP)

"အားလုံးနဲ့ တွေ့ဖို့ဆိုတာ ပြီးခဲ့တဲ့နိုဝင်ဘာ အစည်းအဝေးမှာကတည်းက ဆုံးဖြတ်ထားတာ၊ အခုတော့ အင်ဒိုနီးရှားက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူပြီး ဒါကိုပထမဆုံး အာဆီယံအဖွဲ့ကြားမှာ ဆွေးနွေးတာ၊ All state holders ဆိုတော့ NUG က မြန်မာပြည်သူတွေ ကိုယ်စားပြုတဲ့ တရားဝင်အစိုးရဆိုတော့ NUG ကို တရားဝင်တွေ့ဆုံမယ်လို့ နားလည်တယ်။ အခုထိတော့ ထိတွေ့မှုတွေရှိတယ်။ တရားဝင်အဆင့်တော့ မရှိသေးဘူး။ မကြာခင်တရားဝင်၊ လူသိရှင်ကြား NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ မကြာခင်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်"

သတင်းထောက် - တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖော်ဆောင်မယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။ အာဆီယံက ဒါဘာကိုဆိုလိုတယ်လို့ ထင်ပါသလဲ။

ဦးကျော်ဇော် - ဒါပြောဖို့ နည်းနည်းစောပါသေးတယ်။ National dialogue ဒီအသုံးအနှုန်းကို မကြာသေးခင်ရက်ပိုင်းက စသုံးလာတာတွေ့ရတယ်။ အာဆီယံက ဒါက ဘာကိုဆိုလိုတာလဲ ဘယ်လိုတွေလုပ်မလဲဆိုတာ ကျနော်တို့ နားလည်အောင် အချိန်ယူ စောင့်ကြည့်ရပါဦးမယ်။

သတင်းထောက် - NUG အစိုးရက အဓိပ္ပါယ်ဖွင့်ထားတဲ့ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာကရော ဘယ်လိုပုံစံဖြစ်မလဲ၊

ဦးကျော်ဇော - NUG အစိုးရကတော့ မြန်မာပြည်သူတွေဆန္ဒနဲ့ ကိုက်ညီတာကို အကောင်အထည်ဖော်မယ်။ ပြည်သူလူထုဆန္ဒအတိုင်းဖြစ်အောင် အကောင်အထည်ဖော်မယ်။

2023-02-01T074513Z_2110172458_RC242Z9IQ8P3_RTRMADP_3_MYANMAR-POLITICS-COUP-THAILAND.JPG
Protest marking the second anniversary of Myanmar's 2021 military coup outside Myanmar Embassy, in Bangkok Protesters hold up pictures of Aung San Suu Kyi while shouting slogans during a demonstration to mark the second anniversary of Myanmar's 2021 military coup, outside the Embassy of Myanmar in Bangkok, Thailand, February 1, 2023. REUTERS/Athit Perawongmetha (ATHIT PERAWONGMETHA/REUTERS)

မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ အရင်ချမှတ်ထားပြီးသားဖြစ်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားက ပြောထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရအောင် အင်ဒိုထိပ်တန်းဗိုလ်ချုပ်တစ်ယောက်ကို မြန်မာနိုင်ငံ စေလွှတ်မယ်လို့ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောဆိုထားပါတယ်။

အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲအောင် ကြိုးပမ်းမယ့် အင်ဒိုနီးရှားရဲ့ မျှော်လင့်ချက် ဘယ်လောက်ဖြစ်နိုင်ပါသလဲ။

စစ်ကောင်စီကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ သူတို့ကြေညာထားတဲ့ NUG အစိုးရနဲ့ မတွေ့ဆုံဖို့ အင်ဒိုနီးရှားကို တောင်းဆိုထားပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြသူတော်တော်များများကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ပြောထားကြပါတယ်။

2023-02-01T074649Z_70890962_RC242Z9VN7SU_RTRMADP_3_MYANMAR-POLITICS-COUP-THAILAND.JPG
Protest marking the second anniversary of Myanmar's 2021 military coup outside Myanmar Embassy, in Bangkok Protesters hold up a picture of Myanmar's army chief Min Aung Hlaing with his face crossed out and pictures of Aung San Suu Kyi, during a demonstration to mark the second anniversary of Myanmar's 2021 military coup, outside the Embassy of Myanmar in Bangkok, Thailand, February 1, 2023. REUTERS/Athit Perawongmetha (ATHIT PERAWONGMETHA/REUTERS)

တကယ်လို့ မဖြစ်မနေ ဆွေးနွေးရမယ်ဆိုရင်တော့ .... စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေရပ်ဖို့၊ နိုင်ငံရေးကနေ လုံးဝဆုတ်ခွာဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး လက်ခံဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုဖို့ဆိုတဲ့ အချက်လေးချက်ကို သဘောတူမှ ဖြစ်နိုင်မယ်လို့ NUG ယာယီသမ္မတက ထုတ်ဖော်ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာလည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

စစ်ကောင်စီဘက်ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံကို မဖျက်ရ၊ စစ်ကောင်စီကို မဖျက်သိမ်းရ၊ အစားမထိုးရဆိုတဲ့အချက်တွေကို ဆုပ်ကိုင်ထားတာကြောင့် နှစ်ဖက်တောင်းဆိုချက်တွေ ကွာဟလွန်းတာမို့ NUG နဲ့ စစ်ကောင်စီကြားဆွေးနွေးရေးဟာ ခဲယဉ်းတယ်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟောင်းက အင်ဒိုနီးရှားကို လွဲပေးတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။