မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ထုတ်ပြန်

2021.04.24
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ထုတ်ပြန် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ကျင်းပသည့် မြန်မာ့အရေး အာဆီယံ‌ခေါင်းဆောင်များ ဆွေး‌နွေးပွဲတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို မိန့်ခွန်းပြောကြားစဉ်။
via REUTERS
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီ ၂၄ ရက် ဒီကနေ့ ပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးကနေ ဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊
၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊
၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊
၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊
၅။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့…

စတဲ့အချက်ငါးချက်ကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းမှု၊ ဖမ်းဆီးထားသူတွေ အရေး စတာတွေနဲ့ ပတ်သက်လို့တော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ထဲမှာ ထည့်သွင်းထားတာ မတွေ့ရပါဘူး။

ဒီနေ့ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံပြုလုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) ကတော့… အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်နဲ့ တပ်ဖွဲ့ဝင်တွေက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ဖို့ တိုက်တွန်းသွားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုရဲ့ သီးသန့်ထုတ်ပြန်ချက်မှာတော့… မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားသာ အဓိကဦးစားပေး ဖြစ်ကြောင်း၊ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ချက်ချင်းစဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ဖို့နဲ့ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဝင်ခွင့်ပြုဖို့… စတာတွေ တောင်းဆိုထားပါတယ်။

ဒါ့ပြင် မြန်မာ့အရေး အာဆီယံအထူးသံတမန် ခန့်အပ်သင့်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခကို ချက်ချင်းဖြေရှင်းဖို့အတွက် ကြီးကြပ်သွားဖို့ အင်ဒိုနီးရှားက သန္နိဋ္ဌာန် ချမှတ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။