မြန်မာ့အရေးပြေလည်ဖို့ ကြားဝင်ဆောင်ရွက်နေတဲ့ အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Prak Sokhonn က သူဆက်ပြီး လုပ်ဆောင်မယ့် အဆင့်သုံးဆင့်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို မတ်လ ၃၁ ရက် မနေ့က ရှင်းပြခဲ့တဲ့အကြောင်း ဖနွမ်းပင်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှစ်ဦး မနေ့က တွေ့ဆုံခဲ့ကြတာပါ။
အာဆီယံကိုယ်စားလှယ် Prak Sokhonn ရဲ့ မြန်မာ့အရေး ဆက်ပြီးလုပ်မယ့် အဆင့်သုံးခု ထဲမှာ ပထမအဆင့်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးရေး ပြင်ဆင်နိုင်ဖို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်သွားမယ်။ ဒုတိယ အဆင့်က အာဆီယံရဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အကြား ဗီဒီယိုက တစ်ဆင့် ဆွေးနွေးမှုတွေ လုပ်သွားမယ်။ တတိယအဆင့်ကတော့ မြန်မာနိုင်ငံကို ဒုတိယ အကြိမ် သူကိုယ်တိုင်ထပ်ပြီး သွားဖို့ပဲလို့ ကုလအထူးကိုယ်စားလှယ်ကို Prak Sokhonn က ရှင်းပြခဲ့ပါတယ်။
မြန်မာ့အရေးဟာ အလွယ်တကူဖြေရှင်းလို့ မရနိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေး အင်အားစု တွေအကြားမှာ တွေ့ဆုံဆွေးနွေးဖို့ထက် တိုက်ခိုက်ရေးကို ပိုပြီးအားသန်နေကြတဲ့ အကြောင်း အာဆီယံကိုယ်စားလှယ် Prak Sokhonn က ပြောခဲ့ပါတယ်။
ကုလအထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း မြန်မာ့အကျပ်အတည်းကို အာဆီ ယံရဲ့ သဘောတူချက် ငါးရပ်ကနေ ဝိုင်းပြီးဖြေရှင်းဖို့ အတူဆောင်ရွက်သွားကြမယ်လို့ ပြောခဲ့တဲ့အကြောင်း ဖနွမ်းပင်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။