အင်းတော်မှာ စစ်ကောင်စီတပ်ကို ကေအိုင်အေနဲ့ PDF တွေတိုက်လို့ နှစ်ဖက်အကျအဆုံးရှိ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာစံပြရွာမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်တွေ စခန်းချနေတဲ့ ရဲစခန်းကို ဇူလိုင် ၁ဝ ရက်နေ့မနက်အစောပိုင်းမှာ ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က အယောက် ၃ဝ လောက်သေဆုံးတယ်လို့ Indaw Revolution-IR ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တနင်္ဂနွေမနက် ၃ နာရီကနေ ၉ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ရဲဘော်တစ်ဦး အသက်ဆုံးရှုံးခဲ့သလို၊ PDF ရဲဘော်သုံးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

“အခုကတော့ ပြီးသွားပြီ။ မဲဇာရဲစခန်းကို ကျနော်တို့ ဝင်တိုက်ခဲ့တာ သူတို့ဘက်က ၃ဝ လောက် သေတယ်။ ဒီနေ့ညနေ ၂ နာရီမှာ အရာရှိတစ်ယောက်နဲ့ စစ်ကောင်စီ တပ်သား ၁ဝ ယောက်ရဲ့အလောင်း ကိုတော့ Mi 17 လေယာဉ်နဲ့ သူတို့သယ်သွားတယ် ကန့်ဘလူမှာ ချထားပေးတယ်။ ပျူစောထီးတွေကျတော့ နန်းခမ်းရွာက ပျူစောထီးတွေနဲ့ အင်းတော်က ပျူစောထီးတွေရောပြီးထည့်သွားတာ။ နန်းခမ်းရွာ ပျူစောထီးတွေကိုတော့ နန်းခမ်းရွာကိုပဲ သယ်သွားသလား ဒါမဟုတ် မဲဇာရဲစခန်းထဲမှာပဲရှိတာလား တော့ မသိသေးဘူး။ ကျနော်တို့ဘက်က ပကဖ ရဲဘော်တစ်ဦး ကျသွားတယ်၊ PDF ၃ ယောက် ဒဏ်ရာရတယ်”

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်နဲ့လည်း လတ်တလောဆက်သွယ်လို့ မရသေးပါဘူး။

ရဲစခန်းအနားက တိုက်ပွဲကိုထွက်ကြည့်တဲ့ ၁၉ နှစ်အရွယ်လူငယ်တစ်ယောက်လည်း လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၈ နာရီလောက်မှာလည်း အင်းတော်ရဲစခန်းကနေ မဲဇာရဲစခန်းကိုစစ်ကူလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ကေအိုင်အေနှင့် PDF တွေက မန်လည်ရွာလမ်းခွဲအနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အင်းတော်နဲ့ မဲဇာသွားလမ်းမကြီးမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။