အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာ ခံလိုက်ရတဲ့ အဆိုတော် အေသင်ချိုဆွေဟာ ဒီကနေ့ ဇွန် ၁၁ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ အေသင်ချိုဆွေရဲ့ မိသားစုဝင်တွေက အတည်ပြုပါတယ်။
အေသင်ချိုဆွေရဲ့ မိခင်ဖြစ်သူ ဒေါ်တင်မာဆွေဟာ သူအသုံးပြုတဲ့ Swe Swe အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကနေ သမီးဖြစ်သူ အေသင်ချိုဆွေ အိမ်ကို ပြန်ရောက်နေပြီဖြစ်လို့ ပြန်လွတ်ဖို့ ဆုတောင်းပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် အေသင်ချိုဆွေရဲ့ ညီမဖြစ်သူ မေသင်ချိုဆွေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီသတင်းကို အတည်ပြုထားပါတယ်။
အေသင်ချိုဆွေဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရပြီး မေလ ၂၃ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်မှာ ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်းက Shwe Parami ကွန်ဒိုမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။