အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေ တင်နိုင်ဖို့ ကြိုးစားနေ

2022.05.26
အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေ တင်နိုင်ဖို့ ကြိုးစားနေ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်က စစ်ဘေး ဒုက္ခသည်တွေကို သတ်ဖြတ်မီးရှို့ခဲ့စဉ်
Photo: KNDF

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်တပ်ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ် မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အပါအဝင် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက မေ ၂၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ကယား၊ ချင်း၊ ရှမ်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ လူလေးဦးကနေ ၄၉ ဦး အထိ တစ်နေရာတည်းမှာ အစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၁၄ ခုကို မြေပုံတွေနဲ့ တကွ အတိအကျ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာက အရပ်သား ၁၀ ဦး၊ ရေဦးမြို့နယ် မုန်တိုင်ပင်နဲ့ အင်ပင်ရွာက ၂၈ ဦး၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာက အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် စုစုပေါင်း ၄၉ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ပါဝင်ပါတယ်။ အဲဒီသတ်ဖြတ်မှုတွေမှာ ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေနဲ့ အမိန့်ပေး ခိုင်းစေသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG က ဆိုပါတယ်။

မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကတစ်ဆင့် ICC ထံ လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ အထိရောက်နေပြီလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လာမယ့် ဇွန်လမှာ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာဆိုလို့ ရှိရင်လည်း ဒီကိစ္စတွေက တကယ့်ကို ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ကောင်စီကနေ တစ်ဆင့် မြန်မာနိုင်ငံကိစ္စကို ICC အထိ လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ အထိ ရောက်နေတယ်။ နောက်ပိုင်းကတော့ ဖရူဆိုကိစ္စ၊ ကရင်နီကိစ္စ ဆိုလို့ရှိရင် ဒီ Case ကို ကျနော်တို့က အရမ်းခိုင်လုံတယ်။ အရမ်းအချက်အလက်တွေ ရှိနေတယ်။ ဒါကြောင့် မို့လို့ ဒါကို သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုနိုင်တဲ့အထိဖြစ်ဖို့အတွက် အချက်အလက် စုဆောင်းပြီးတော့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ”

အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲနိုင်ဖို့ NUG ဘက်က လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ ပေမယ့် ဒီညနေအထိ ဖုန်းလက်ခံမဖြေကြားပါဘူး။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာဆိုရင် တစ်ရက်တည်း၊ တစ်နေရာတည်း လူ ၄၉ ဦး အစုလိုက်အပြုံလိုက် အသတ်ခံရပြီး အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို အခုချိန်ထိ မယုံနိုင်သေးသလို ငါးလကြာတဲ့အထိ တရားမျှတမှု မရသေး ဘူးလို့ အသတ်ခံရမှုမှာ ဆွေမျိုးသားချင်း လေးဦးထိ ဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“အခုထိမယုံနိုင်သေးဘူး။ ဒါပေမဲ့ မယုံလို့လည်း မရတော့ဘူးလေ။ အခုက ငါးလရှိပါပြီ။ အသံလည်း မကြားရ တော့ဘူး၊ ရုပ်လည်းမမြင်ရတော့ အဲဒီလိုပဲ တွေးလိုက်တယ်။ တရားမျှတမှုရဖို့က ဝေးဦးမယ်ထင်တယ်။ ပြီးတော့ ဘာဖြစ်လို့ အဲဒီလောက်၊ ဘာဖြစ်လို့ ဘာကြောင့်လဲပေါ့နော် အဲဒီအဖြေကို သိချင်တယ်။ တရားမျှတမှု ရတဲ့အထိ အရေးယူပေး စေချင်တယ်။ တရားမျှတမှုရတဲ့အထိပေါ့”

သူဟာ မောင်အရင်းတစ်ယောက်၊ တစ်ဝမ်းကွဲ မောင်နှစ်ယောက်နဲ့ တစ်ဝမ်းကွဲ ညီမ တစ်ယောက် စုစုပေါင်း လေးယောက် သေဆုံးခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ မိုဆိုရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကွိုင်ငံရွာဟောင်းဘက်က မိုဆိုရွာဘက်ကို မသင်္ကာ ဖွယ် မောင်းနှင်လာတဲ့ ကားခုနစ်စီးပေါ်ကနေ KNPP နဲ့ PDF တွေက စစ်တပ်ဘက်ကို လက်နက်ငယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင်ပစ်ခတ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ငြင်းဆိုထားပါတယ်။

"ပြည်သူလူထုအနေနဲ့ကတော့ အထိတ်တလန့်ပေါ့ဗျာ။"

အခုနှစ် မေလ ၁၀ ရက်နေ့ကလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်နဲ့ အင်ပင်ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မေလ ၁၂ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန်မှာ နေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၈ လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

အဖြစ်ဆိုးနဲ့ ကြုံခဲ့ရသူတွေအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲရတယ်လို့ မုန်တိုင်ပင်ရွာသားတစ်ဦး က ပြောပါတယ်။

“ဒါကတော့ တကယ့်ကို ဆိုးဆိုးရွားရွားဖြစ်တာပဲ။ လူသားချင်းစာနာမှု လုံးဝမရှိဘဲနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အလုပ်ကြီး လုပ်တာကိုး။ ကျဆုံးသွားခဲ့တဲ့ ပြည်သူ လူထုတွေ အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ ဝမ်းနည်းကြေကွဲ ဖြစ်ရတာပေါ့။ ဒါကြီးက ဘယ်လိုမှ ခံစားလို့မှမရတဲ့ ဖြစ်စဉ်ကြီး။ ပြည်သူ လူထုအနေနဲ့ကတော့ အထိတ်တလန့်ပေါ့ဗျာ။ အကြောက်တရားတွေ ဝင်ပြီးတော့မှ ထစ်ခနဲဆိုရင် ချက်ဆိုတဲ့ အသံကြား ရင်ကို ဘာမှမဆိုင်ဘဲ ပြေးဖို့လွှားဖို့ပြင်ကြ၊ တချို့ဆိုရင် ရွာထဲမှာတောင် မရှိကြတော့ဘူး။ လွတ်မယ်ထင်တဲ့ နေရာတွေ တိမ်းကြ၊ ရှောင်ကြ၊ ဒေသတစ်ခုနဲ့ တစ်ခု ရွှေ့ပြောင်းကြ အဲဒီလိုတွေလုပ်ကြတော့တာ။ အထိတ်တလန့်တွေ ဖြစ်နေတာပေါ့”

လက်နက်မဲ့ ဒါမှမဟုတ် အကာအကွယ်မဲ့နေသူတွေ အမြောက်အမြားကို သတ်ဖြတ်တာ၊ တစ်နေရာတည်း၊ ဒေသတစ်ခုတည်းမှာ တစ်ချိန်တည်း ဒါမှမဟုတ် ရက်၊ လ မကွာဘဲ ကျူးလွန်တာ၊ ကျူးလွန်ခံရသူတွေဟာ တစ်ဖက်တည်း၊ တစ်ဖွဲ့တည်းက ဖြစ်လေ့ ရှိတာတွေဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းရဲ့ လက္ခဏာ တွေဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

fruso-fire
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာ မီး‌လောင်ပျက်စီးမှုများကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ဒါ့အပြင် ကျူးလွန်ခံရသူတွေဟာ လူမျိုးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူတွေ ဖြစ်လေ့ရှိတာ၊ သတ်ဖြတ် ခံရတဲ့ပုံစံနဲ့ ဖျောက်ဖျက်ဖျက်ဆီးမြှုပ်နှံထားမှု ပုံစံတွေ တူညီနေတာ၊ သတ်ဖြတ်ခဲ့တဲ့ ရည်ရွယ်ချက်တွေတူတာ စတဲ့အကြောင်းရာတွေကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းရဲ့ လက္ခဏာတွေလို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးအဖြစ် အရေးယူလို့ ရတယ်လို့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“နေအိမ်တွေကို ဖျက်ဆီးတယ်။ လူတွေကို အစုလိုက်အပြုံလိုက် မီးရှို့သတ်တယ်ဆိုတဲ့ ကိစ္စတွေဟာ အများ ပြည်သူ ငြိမ်းချမ်းစွာ၊ လွပ်လပ်စွာ နေထိုင်ရေးကို အတိအလင်း ချိုးဖောက်နေတာဖြစ်တယ်။ လူသားချင်း စာနာမှုကင်းမဲ့တဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ မြင်တယ်။ ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုထဲမှာပါတဲ့ လူသား မျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အရေးယူလို့ရတဲ့ ပြစ်မှုမျိုးတွေဖြစ်တယ်”

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်မှာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဘက်က ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက် ပြီးတော့လည်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ နိုင်ငံတကာ တရားရုံး ICJ မှာ တရားစွဲ ခံထားရပြီး အမှုရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ၂၀၂၂ မေ ၂၅ ရက် မနေ့ကထိ ထုတ်ပြန် ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ စုစုပေါင်း ၁၈၆၃ ဦး အသတ်ခံရပြီး ၁၃,၈၃၂ ဦး အဖမ်းခံထားရပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကတော့ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အရပ်သားသေဆုံးသူ ဦးရေဟာ ၅၆၄၆ ဦးထိ ရှိတယ်လို့ ၂၀၂၂ မေလ ၁၂ ရက် နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ သတင်းပေးအဖြစ် စွပ်စွဲခံရသူနဲ့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေ အပါအဝင် စစ်တပ်ထောက်ခံသူ သုံးထောင်ကျော် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။