အောင်စိုးမိုးကျော် ရေယာဉ် တိမ်းမှောက်မှု သေဆုံးသူ ၄ ဦးကို ရှာဖွေတွေ့ရှိ


2016.10.15
boat-accident-620.jpg အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်တာကြောင့် ပျောက်ဆုံးနေသူတွေကို အောက်တိုဘာလ ၁၅ ရက်နေ့က ရှာဖွေနေတာ တွေ့ရစဉ်
Photo:Sagaing Regional lnformation Page

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၅ နာရီခန့်က တိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးသူ ၁၅ဝ ကျော်ရှိနေပြီး ညနေပိုင်းအထိ သေဆုံးသူ ၄ ဦးကို ရှာဖွေတွေ့ရှိထားပါတယ်။

အောင်စိုးမိုးကျော် ရေယာဉ်ဟာ ကုန်နဲ့လူတွေ အဆမတန်တင်တာကြောင့် ဟန်ချက်မထိန်းနိုင်ဘဲ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာအရောက်မှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"ခရီးသည်တွေက တားနေတဲ့ကြားထဲကနေ စက်လှေက အခြေအနေမကောင်းဘူး  လူတအားတင်နေ တယ်။ မင်းတို့ကောင်တွေ ထပ်မတင်နဲ့တော့။ တအားဝိတ်တွေများနေပြီ။  ဒါတွေက  အခု ကျန်ရစ် ခဲ့တဲ့သူတွေက ကျနော်တို့ကို ပြောပြတာ။  မျက်ရည်စက်လျှက်နဲ့  အဲ့လိုပြောပြကြတဲ့အခါကျတော့ ပြောနေ တဲ့ ကြားထဲကနေ  ဒီတိုင်းနင်းခွပြီးတော့  ဝိသမလောဘပေါ့၊ တအားတင်လိုက်တော့ မဖြစ်သင့်  မဖြစ်ထိုက်တာတွေ၊  စိတ်မကောင်းစရာတွေ ဖြစ်ကုန်တာပေါ့၊ စိတ်မချလို့  မှတ်တမ်းဓါတ်ပုံရိုက်  ထားတာတွေလည်းရှိတယ်၊ အဲဒီမှာ အမျိုးသမီးတွေက  ခေါင်မိုးပေါ်တက်စီးရတဲ့  အခြေအနေရှိတယ်"

ကနီမြို့နယ်မှာ နစ်မြုပ်ခဲ့တဲ့ရေယာဉ်ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ည ၇ နာရီဝန်းကျင်မှာ ဟုမ္မလင်းမြို့နယ် ကနေ စတင်ထွက်ခွါခဲ့တာဖြစ်ပါတယ်။

အောင်စိုးမိုးကျော် ရေယာဉ်ဟာ ညပိုင်းအချိန်တွေမှာ ရေယာဉ်တွေမမောင်းနှင်ကြဖို့ စည်းကမ်းချက်ကို ဖောက် ဖျက်ခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

လက်ရှိမှာ ရေယာဉ်လုပ်သား ၄ ဦးကို ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရေ ယာဉ်မောင်းနှင်သူကို ရှာဖွေလို့မရသေးပါဘူး။

ပျောက်ဆုံးနေသူတွေထဲမှာ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာမတွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေ များတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ညနေအထိ ကယ်ဆယ်ထားသူ ၁၅ဝ ကျော်အတွက် တစ်ယောက် ကို ငွေနှစ်သောင်းကျပ်ဆီ ပေးအပ်ခဲ့ပြီး နေရပ်ဒေသတွေကို ပြန်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။

ကယ်ဆယ်ရရှိထားသူ ၁ဝဝ ကျော်ကို  မိချောင်းတွင်းကျေးရွာနဲ့ ကင်းကျေးရွာက ဘုန်းကြီးကျောင်းတွေ မှာ စောင့်ရှောက်ထားပြီး လူ ၄ဝ ကျော်က ကင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။