အွန်လိုင်းမှာ ဟာသဗီဒီယိုတွေ တင်ရာကနေ လူသိများလာတဲ့ သရုပ်ဆောင် ကိုအောင်ရဲထွေး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီးရမိထားပြီလို့ သုဝဏ္ဏနယ်မြေရဲစခန်းက အကြောင်းကြားခြင်းမရှိသေးကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မိသားစုဝင်တွေက ပြောပါတယ်။
ဒီကနေ့ ညနေပိုင်းက Orchid ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ မိသားစုဝင် မမာလာ က ပြန်လည်ဖြေကြားခဲ့တာပါ။
ကိုအောင်ရဲထွေးကို သတ်တဲ့သူတွေထဲက တရားခံတစ်ဦးကို သူ့ရဲ့မိဘတွေက ရဲစခန်းမှာလာရောက် အပ်နှံတယ် ဆိုပြီး သတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အခုလိုသတင်းတွေပျံ့နှံ့နေတဲ့အတွက် တာဝန်ရှိရဲအရာရှိကြီးဆီ ဖုန်းနဲ့ဆက်သွယ်မေးမြန်းအတည်ပြုပေးဖို့ မီဒီယာတွေက ပြောဆိုခဲ့ပေမယ့်လည်း မိသားစုဝင်တွေက ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က The One Entertainment မှာ ကျင်းပတဲ့ New Year ပါတီပွဲတစ်ခုမှာ လူတစ်စုရဲ့ ရိုက်နှက်မှုကြောင့် ကိုအောင်ရဲထွေးဟာ ဦးခေါင်းကြေမွပြီး ရင်ဘတ်နဲ့ လည်ပင်းတို့မှာ ဒဏ်ရာတွေရခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပေမယ့် ဇန်နဝါရီလ ၂ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက အစ္စလာမ်ဘာသာထုံးစံနဲ့အညီ ဈာပန အခမ်းအနားကို ရေဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။
အခင်းဖြစ်ပွားစဉ်က စီစီတီဗွီမှတ်တမ်းတွေ၊ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း ရဲစခန်းက သိမ်းဆည်းထားပြီး The One Entertainment က စားပွဲထိုးတွေ လုံခြုံရေးဝန်ထမ်းတွေကိုလည်း ရဲက ခေါ်ယူစစ် ဆေးတာတွေရှိတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
ကိုအောင်ရဲထွေးကို ထိုးကြိတ်ခဲ့သူ ၅ ဦး ကို သုဝဏ္ဏနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု၊ အားပေးကူညီမှု) တိုနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။