ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်က အလုပ် သမားသပိတ်စခန်းကနေ နေ့ကြေးတိုးပေးဖို့အတွက် ရန်ကုန်မြို့ထဲအထိ လမ်းလျှောက်ဆန္ဒပြတဲ့ အလုပ် သမား ၁၀၀ ကျော်ကို ဒညင်းကုန်းမြို့နယ်ထဲမှာ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ အရပ်ဝတ်လူအတော် များများက ရိုက်နှက်ဖမ်း ဆီးပြီး ကားတွေနဲ့ ခေါ်ဆောင်သွားပါတယ်။
အလုပ်သမားတစ်ရာကျော် လမ်းလျှောက်ဆန္ဒပြလာရာမှာ ဒညင်းကုန်းမှာ ဒီနေ့မနက် ရဲတပ်ဖွဲ့က တားဆီးခဲ့တာဖြစ် ပါတယ်။ ထိုင်သပိတ်နဲ့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လူစုကွဲသွားအောင် ရိုက်နှက်ပြီး အလုပ်သမား ၂၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ထွက်ပြေး လွတ်မြောက်လာတဲ့ Costec အထည်ချုပ် စက်ရုံက အလုပ်သမား မမိုးမိုးခိုင် က ပြောပါတယ်။
"ညီမတို့အခု ဒညင်းကုန်းလမ်းဆုံးမရောက်ခင်မှာ ထိုင်သပိတ်ကိုလုပ်လိုက်တာပေါ့နော်၊ အဲ့ဒါကိုသူတို့ က စွမ်းအားရှင်၊ ရပ်ကွက်ထဲကလူအင်အားကို ငှားပြီးတော့ ရဲတွေနဲ့ပေါင်းပြီးတော့ ညီမတို့ကိုလူစုကွဲ သွားအောင် ကားပေါ်ဆွဲတင်သွားတဲ့သူတွေကို ဆွဲတင် သွားတယ်၊ ရိုက်တဲ့သူကို ရိုက်တယ်၊ ခေါင်းတွေကွဲတဲ့ သူကွဲပေါ့၊ လူစုကွဲသွားအောင် လုပ်တာပါ"
ရွှေပြည်သာစက်မှုဇုန်က Costec ၊ Ford Glory နဲ့ Eland Myanmar အထည်ချုပ်စက်ရုံ တွေက အလုပ်သမား ၅၀၀ ကျော်လောက်ဟာ နေ့ကြေး တစ်ရက်ကို ၅၅၀ ကျပ်တိုးပေး ဖို့ တောင်းဆိုနေတာ တစ်လကျော်ကြာပြီဖြစ် ပါတယ်။ အလုပ်ရှင်ဘက်က တစ်ရက် ကျပ်သုံးရာသာ တိုးပေးမယ်လို့ ပြောထားပါတယ်။
ဆန္ဒပြစက်ရုံ ၃ ရုံမှာ အီလန်မြန်မာစက်ရုံက အလုပ်သမားတချို့သာကျန်တော့ ကြောင်းနဲ့ ကျန်တဲ့စက်ရုံတွေက အလုပ်သမားတွေဟာ စက်ရုံလုပ်ငန်းခွင် ကို ပြန်ရောက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အလုပ်သမားတွေက သူတို့သဘောတူညီချက်မရသေးကြောင်း ပြလိုတဲ့အတွက် အခုလို မြို့ထဲအထိ လမ်းလျှောက် ဆန္ဒပြဖို့ ကြိုးစားတာဖြစ်ကြောင်း သိရပါတယ်။
အဲဒီစက်ရုံက အလုပ်သမားတွေဟာ မူလက တစ်ရက်ကို တစ်ထောင်ကျပ်အထိ တောင်းဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အလုပ်ရှင်၊ အစိုးရတို့နဲ့ ညှိနှိုင်းအပြီးမှာ သူတို့တောင်းဆိုချက်ကို တစ်ရက် ကျပ် ၅၅၀ အထိ လျှော့ချတောင်းဆိုခဲ့ တာ ဖြစ်ပါတယ်။
Costec အထည်ချုပ်စက်ရုံက အလုပ်သမား မမိုးမိုးခိုင်ကို RFA သတင်းထောက် မဇာဏီထွန်း ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။