မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ၄ မိုင်ကျေးရွာအနီးမှာ အနယ်နယ်အရပ်ရပ်ကနေ တရားမဝင် တပိုင်တနိုင်ကျောက်တူးဖော်နေသူ တစ်ထောင်ဝန်းကျင် ရှိနေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
အရင်က အဲဒီနေရာမှာ ကျောက်တူးဖော်သူ သိပ်မရှိဘဲ အခုနောက်ပိုင်းမှာ တန်ဖိုးကြီးကျောက်တွေ ထွက်တယ်ဆိုပြီး စက်ယန္တရားတွေနဲ့ လာရောက်တူးဖော်ကြတဲ့သူတွေ များလာတာလို့ ဒေသခံ ကိုမောင်ညိုက ပြောပါတယ်။
"မိုးကာတဲလေးတွေ ဘာလေးတွေနဲ့ ကိုယ့်နေရာလေးတွေမှာနေပြီး တူးကြတာပေါ့၊ ကျောက်ကွက်က ကျနော်တို့မရောက်ခင် လွန်ခဲ့တဲ့နှစ် ၂ဝကျော်လောက်ကတည်းက ထွက်ခဲ့တာပေါ့၊ အဲ့တုန်းကတော့ အဖိုးမတန်ဘူးပေါ့ဗျာ၊ အခုကတော့ တဖြေးဖြေးအဖိုးတန်လာတယ်၊ ကျနော်တို့အကွက်က မဖယ်ပေးရဘူး၊ ဧည့်သည်တွေကိုပဲ ဖယ်ခိုင်းတာ"
ကျောက်မျက်ထွက်တဲ့နေရာကို ဒူးဆစ်ချောင်းကွက်ရပ်လို့ ခေါ်ပြီး ပတ္တမြားနဲ့ နီလာကျောက်တွေ ထွက်ရှိတယ်လို့ သိရပါတယ်။
အဲဒီနေရာမှာ သပိတ်ကျင်းမြို့နယ်အတွင်းက ဒေသခံတွေအပြင် မုံရွာ၊ ပြင်ဦးလွင် နဲ့ မိုးကုတ်မြို့နယ်ကနေ လာရောက်တူးဖော်သူတွေလည်း ရှိနေတာဖြစ်ပါတယ်။
တရားမဝင်ကျောက်မျက် လာရောက်တူးဖော်သူတွေအနေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ သတိပေးချက်ကို မလိုက်နာရင် သတ္တုတွင်းဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးစာမှာ ပါရှိပါတယ်။
သတ္တုတွင်းဥပဒေအရ တရားမဝင် ကျောက်မျက်ရှာဖွေတာ၊ စမ်းသပ်တိုင်းတာနဲ့ ထုတ်လုပ်တာတွေကို ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ငါးသောင်း ကျခံရမှာဖြစ်ပါတယ်။