အရာတော်မှာ ကားတစ်စီးမိုင်းဆွဲခံရလို့ ကျောင်းသူတစ်ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနီးမှာ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းက ကားတစ်စီး မိုင်းဆွဲခံရတာကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အရာတော်ဒေသခံတွေက RFA ကို ပြောပါတယ်။

အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်းကနေ စာမေးပွဲဖြေပြီးအပြန် မြို့ အထွက်မှာ မိုင်းဆွဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ ကျောင်းသူ မသက်သက်မာ သေဆုံးခဲ့ပြီး နောက်ထပ် ကျောင်းသူ ခုနစ်ဦးနဲ့ ကျောင်းသား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားမိုင်းဆွဲခံရပြီးနောက်မှာ သေနတ်ပစ်ခတ်သံတွေလည်း ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်သွားတာက ဝါးတောမရွာနဲ့ အရာတော်မြို့အထွက်ကြားမှာဖြစ်တာ။ ဝါးတောမရွာနဲ့ ဆိုရင်တော့ နည်းနည်းဝေးတယ်။ အရာတော်မြို့အထွက်နားတင်ဖြစ်တာ။ မိုင်းဆွဲခံရပြီးတော့ သေနတ်ပစ်ခတ်သံတွေ လည်းကြားရတယ်”

သေဆုံးသွားတဲ့ ကျောင်းသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်နဲ့ ဘယ်ရွာမှာ နေထိုင်ကြတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက လုပ်တာလို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အရာတော်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကတော့ မိုင်းဆွဲခံရတဲ့ ဖြစ်စဉ်ကို အတည်ပြုထားပြီး စစ်ကောင်စီတပ်က အသုံးပြုတဲ့ကား ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အသုံးပြုတဲ့ အဲဒီကားပေါ်မှာ ကျောင်းသား၊ ကျောင်းသူတွေ လိုက်ပါလာမှန်း မသိရှိကြောင်းနဲ့ အရာတော်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေအနဲ့လည်း အရပ်သားတွေ ထိခိုက် အောင် မလုပ်ဘူးလို့ ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၁၈ ဦး သေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။