ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းစကောက်နေ

RFA Burmese
2024.08.29
ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းစကောက်နေ ဟင်္သာတမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် မဲနှိုက်ရွေးချယ်နေသည့် ဒေသခံများကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Citizen Photo

ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားတွေကို ဩဂုတ်လ နောက်ဆုံးပတ်ကစပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းစကောက်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဟင်္သာတ၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနဲ့ ရေကြည် စတဲ့ မြို့နယ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်ဆိုပြီး စာရင်းကောက်တာဖြစ်သလို ခရီးသွားလာခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့နယ်အလိုက် နိုင်ငံရေးပါတီတစ်ခုကို လူ ငါးဆယ်ပေးဖို့ မြို့နယ်အာဏာပိုင်တွေက ညွှန်ကြားထား တယ်လို့လည်း လုံခြုံရေးအရ အမည်နဲ့ ပါတီအမည်မဖော်ပြလိုတဲ့ ဟင်္သာတမြို့နယ်ခံ ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဟင်္သာတမြို့မှာတော့ ပြည်သူ့လုံခြုံရေးအတွက် ခေါ်နေတယ်။ နောက်ပြီး တချို့မြို့တွေမှာ နိုင်ငံရေးပါတီတွေကို သူတို့ကခေါ်တယ်။ အဲဒီ မြို့နယ်ဥက္ကဋ္ဌကနေပြီးတော့ ပြည်သူ့လုံခြုံရေးမှာ မြို့နယ်အဆင့်အဖွဲ့ဝင်ထဲမှာ ပါဝင်ရမယ်။ နောက် တစ်ပါတီကို လူငါးဆယ်စီ တောင်းထားတယ်”

ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ခေါ်ယူခံရသူတွေကို ရက်တိုစစ်သင်တန်းတက်ခိုင်းပြီး လက်နက် တပ်ဆင်တာတွေပါ လုပ်ပေးမှာလို့လည်း ဆိုပါတယ်။

ရေကြည်မြို့နယ်မှာလည်း ပြည်သူ့လုံခြုံရေးအတွက် မဲနှိုက်ရွေးချယ်တာတွေရှိသလို မသန်စွမ်းတွေကိုတော့ ငွေကြေးတောင်းခံတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကြည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းအပြင်ကို ပြည်သူ့စစ်အတွက်ပေါ့။ ရပ်ရွာထဲမှာ ကင်းစောင့်ဖို့ အစီအစဉ်ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး တော့ ၃၅ ကနေ ၆၅ အထိ အဲဒီကြားထဲမှာ ရှိတဲ့သူတွေကို မဲနှိုက်တာတို့ ဘာတို့ အဲဒီလိုမျိုးတော့ ရှိနေတာပေါ့နော်။ ရေကြည်မြို့နယ်ထဲက တချို့ရွာတွေပေါ့နော်။ ရွာတွေဆိုလို့ရှိရင် မသန်စွမ်းတွေတောင် ထည့်လို့ မလိုက်နိုင်ဘူးဆိုပြီးတော့ ပိုက်ဆံတောင်းတာတွေတောင် ရှိတယ်”

စစ်ကောင်စီဟာ မြို့လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့လုံခြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကိုခေါ်ယူဖို့ လုပ်ဆောင်နေပေမဲ့ ဒေသခံတွေကတော့ စစ်မြေပြင်တွေကို စေလွှတ်ခံရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ ဧရာ၀တီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

နိုင်ငံတစ်ဝန်း မြို့သိမ်းတိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီက ရပ်ကွက်နဲ့ ကျေးရွာတွေအထိ လက်နက်တပ်ဆင်ပေးမဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့ကပြီး ဖွဲ့စည်းမယ်လို့ ကြေညာထားပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ လုပ်ငန်းစဥ်ထဲမှာ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေအပြင် ခရိုင်၊ မြို့နယ် အဆင့်ဆင့်သာမက ရပ်ကွက်၊ ကျေးရွာတွေမှာပါ လက်နက်တပ်ဆင်ပေးမယ်ဆိုတဲ့အထိ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။