ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားပြီး လက်ရှိအချိန်ထိ လုပ်ငန်းမစတင် ရသေးတဲ့ မြေကွက်နေရာ ၉ဝ ရာခိုင်နှုန်းကျော်ကို အရေးယူဖို့ ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်က ချထားပေးတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို စာချုပ်ပါအချက်အလက်တွေအရ ဥပဒေနဲ့ညီညွှတ်မှု ရှိ မရှိ စစ်ဆေးနေတယ်လို့ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ က ပြောပါတယ်။
"အရင်အစိုးရလက်ထက်တုန်းက စက်မှုဇုန်မှာ အကွက်တွေယူထားတာရှိတယ်လေ၊ ပုဂ္ဂလိက ကယူထား တာတွေ အများကြီးရှိတာပေါ့၊ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြန်သုံးသပ်စိစစ်မယ်၊ ဒါတွေပြန် သုံးသပ်ပြီးတော့မှ ဥပဒေနဲ့ညီ မညီ ဥပဒေချုပ်ဆီကိုပို့ထားတယ်၊ အဲ့ဒါတွေကိုသုံးသပ်ပြီး ၂ ပတ်လောက်နေလို့ရှိရင် အသေးစိတ်သုံးသပ်ပြီးတော့ စာချုပ်ကတိအချက် ၂ဝ လောက်ရှိတာကို၊ အဲ့ဒါကို တစ်ချက်ချင်း တစ်ချက်ချင်း လေ့လာပြီးတော့မှ အဲ့ဒီအပေါ်မှာ ဘယ်လိုအရေးယူမလဲ၊ ဘယ်လိုဖြေလျော့ မလဲ ဆိုတဲ့ နှစ်လမ်းကိုတော့ ကျနော်တို့ စဉ်းစားတာပေါ့"
ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်မှာ မြေဧက ၆ဝဝ နီးပါးရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင် ၉ဝ နီးပါးက စက်မှုလုပ် ငန်းလုပ်ကိုင်ခွင့်ရရှိထားပြီး အဲ့ဒီထဲက လုပ်ငန်းရှင် ၆ ဦးသာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ဖို့ ၆ လအတွင်း စတင်အကောင်အထည်ဖော်ဖို့နဲ့ ၂ နှစ်အတွင်းမှာ လုပ်ငန်းစတင်လည်ပတ်ဖို့ဆိုတဲ့ အချက်တွေပါ ဝင်ပါတယ်။
