ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းဖို့ လူငယ် ငါးဆယ်ထက်မနည်း ဖမ်းဆီးခံရ
2024.12.12
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ လူငယ် ငါးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရတယ်လို့ ဒေသခံတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
သုံးဆယ်၊ ရွှေတောင်၊ ပန်းတောင်း၊ ကြို့ပင်ကောက်နဲ့ အုတ်ဖိုစတဲ့ မြို့နယ်တွေက လူငယ်တွေ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
သုံးဆယ်မြို့မှာ ကျင်းပနေတဲ့ ဝင်္ကဘာဘုရားပွဲတော်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က လူငယ်တချို့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
“ဘုရားပွဲမှာရော တစ်နေ့တည်း တစ်မြို့နယ်လုံးမှာ ဖမ်းခံရတာ ၁၅ ဦး လောက် ရှိတယ်ဗျ။ သုံးဆယ်အရှေ့ ချမ်းသာကုန်းအုပ်စု သရက်ဖြူကံရွာသား လူငယ် သုံးဦးနဲ့ ချမ်းသာကုန်းရွာသား လူငယ် နှစ်ဦးလည်း အဆွဲခံရတယ်”
ဖမ်းဆီးခံရတဲ့ လူငယ်တွေ ပြန်လွတ်ရေး မိသားစုဝင်တွေက ကြိုးပမ်းနေကြပြီး အဲဒီရွာတွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ တစ်အိမ်ထောင်ကို ငွေကျပ် သုံးသောင်းကနေ လေးသောင်းအထိ အာဏာပိုင်တွေကို ပေးဆောင်ထားရတဲ့ ရွာတွေလို့ သူက ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့ကတော့ ပန်းတောင်းမြို့ ပေါ်တော်မူဘုရားဝင်းရှေ့မှာ လမ်းပြင်နေတဲ့ အလုပ်သမား ၁၃ ဦးနဲ့ ကြို့ပင်ကောက်မြို့နယ် ကုန်းရွာက ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ရွှေတောင်မြို့နယ်က ဘုရားသုံးဆူပွဲတော်မှာ လူငယ် ခြောက်ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ပုသိမ်-မုံရွာကားလမ်းပေါ်မှာလည်း စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ လမ်းသွားလမ်းလာလူငယ်တချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီကတော့ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဓမ္မဖမ်းဆီးစုဆောင်းတာမျိုးမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းမှတ်စဉ် (၅) အထိ နိုင်ငံတစ်ဝန်း စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိပါတယ်။