ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ ဗကသအဖွဲ့ရဲ့ အခြေခံမူ ၅ ချက်နဲ့အတူ မပြီးပြတ်သေးတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ့် အပြင် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးတွေအတွက် ကြိုးပမ်းလုပ်ဆောင် သွားမယ်လို့ ဗကသအဖွဲ့ခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောပါတယ်။
သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာသူ ဗကသ ကျောင်းသားခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်မှာ မနေ့ညက တွေ့ဆုံပြီးတဲ့နောက် အခုလို သဘောတူညီခဲ့တာဖြစ်တယ်လို့ မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။
"မူ ၅ ချက်ပေါ်မှာအခြေခံတဲ့ လုပ်ငန်းဆောင်တာတွေကို ကျမတို့ ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတာရယ်၊ နောက်တစ်ခုကတော့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ မပြီးဆုံးသေးတဲ့ ကျမတို့ရဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထမ်းဆောင်မယ်ဆိုတာရယ်၊ နောက်ဆုံးတစ်ခုကတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ကျမတို့ အစောပိုင်းကတည်းက ပြောဖြစ်ဖို့ကြိုးစားခဲ့သော်ငြားလည်းပေါ့နော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက်ကြောင့် အဲ့ဒါတွေက အကောင်အထည်မပေါ်လာခဲ့ဘူးပေါ့၊ အခုတော့ဒါကို အကောင်အထည်ဖော်ဖို့ ပြန်လည်လုပ်ဆောင်မယ်လို့ ဒါတွေကို အဓိကထားပြီးတော့ ကျမတို့ပြောဖြစ်ပါတယ်၊ အရေးကြီးဆုံးနောက်တစ်ချက်ကတော့ သမဂ္ဂအဆောက်အအုံကို ပြန်လည် တည်ဆောက်ဖို့လည်း ကျမတို့ ဗကသအဖွဲ့ချုပ်ကဆက်ပြီးတော့ ဒါကိုကြိုးပမ်းသွားဖို့လည်း ပြောဖြစ်ပါတယ်"
ဒါ့အပြင် လွှတ်တော်မှာ ပြင်ဆင်ထားတဲ့ အမျိုးသားပညာရေး ဥပဒေမှာ ကျောင်းသူကျောင်းသားတွေ တောင်းဆို ထားတဲ့ အချက်တွေ မပါဝင်တာကြောင့် အမျိူးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရသစ်နဲ့ ညိနှိုင်းဆောင်ရွက်သွားဖို့အပြင် အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သဘောတူညီခဲ့တဲ့ ၄ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို ဆက်လက်အကောင်အထည် ဖော်ပေးဖို့အတွက်လည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
မနေ့ ဧပြီလ ၈ ရက်နေ့မှာ အကျဉ်းထောင်တချို့က နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ သာယာဝတီ အကျဉ်းထာင်မှာ ပညာရေး ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံသူအားလုံးကို သာယာဝတီတရားရုံးက အမှုပိတ်ပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။