တရုတ်ခရီးသွားတွေ လာရောက်လည်ပတ်ခွင့် ပေးထားတာကို ကန့်ကွက်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တရုတ်ခရီးသွားတွေ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့် ပေးထားတာကို ကန့်ကွက်ကြောင်းနဲ့ ဒီအချိန်မှာ လာရောက်လည်ပတ်ခွင့် မပေးသင့်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းနဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူတွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို တားဆီးနိုင်ဖို့ နိုင်ငံတကာမှာဆိုရင် တရုတ်ခရီးသွားတွေ ဝင်ရောက်မှုတားဆီး ပိတ်ပင်တာတွေလည်းရှိနေတာပါ။ ဒီအချိန်မှာ မြန်မာနိုင်ငံက ကျန်းမာရေးထောက်ခံချက်နဲ့ ခရီးသွားတွေကို ခွင့်ပြုတယ်ဆိုရင် ထောက်ခံချက် အတုတွေနဲ့ ဝင်ရောက်လာနိုင်တယ်လို့ တရုတ်ခရီးသွား ဝန်ဆောင်မှုပေးနေတဲ့ China Tour ကုမ္ပဏီက ဦးကျော်ဝင်းက ထောက်ပြပါတယ်။

"တရုတ်ခရီးသွားတွေ ဝန်ဆောင်မှုပေးတာကိုရပ်ဖို့ အကြံပြုလိုပါတယ်။ အခုလို ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက်ယူရင် တရုတ်ပြည်က ရောဂါသည်တွေကို ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် အတုနဲ့ ဝင်ရောက်လာပြီး ရောဂါတွေပြန့်ပွားနိုင်တဲ့အတွက် တရုတ်ခရီးသွားတွေကို ပိတ်ဖို့ အကြံပြုလိုပါတယ်။"

တရုတ်ခရီးသွားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခွင့် ပြုမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ကျွန်တော်တို့ဘက်က တင်ပြတာ ခရီးသွားကုမ္ပဏီတွေက တင်ပြတာမရှိပါဘူး သက်ဆိုင်ရာ ဗဟိုကနေ သူတို့အစည်းအဝေးဆုံးဖြတ်ချက်ကို ပြောတာဖြစ်ပါတယ်။ မဖြစ်မနေလာရမယ်ဆိုရင် ကျန်းမာရေး အာမခံချက် ယူလာပါလို့ပြောတာ ကျန်းမာရေးအာမခံချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို တောင်းထားပါတယ်။ ကျန်းမာရေးအာမခံချက်ပါမှ ဆက်လုပ်ပါလို့ ပြောထားတာပါ။"

စီစဉ်ထားပြီး ခရီးစဉ်တွေ ဖျက်သိမ်းရင် ‌လျော်ကြေးနစ်နာကြေးတွေ ရှိလာနိုင်တဲ့အတွက် ကျန်းမာကြောင်း အာမခံချက်ရယူပြီး အရင်အတိုင်းဆက်လက် လုပ်ဆောင်ကြဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရှင်အသင်းက လက်ခံပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကတောင် ခရီးသွားမှုကို တားမြစ်နေချိန်မှာ မြန်မာနိုင်ငံကလည်း လက်မခံသင့်ဘူး လို့ မန္တလေးဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦး က အဲဒီ ထုတ်ပြန်ချက်ကို ကန့်ကွက်လိုက်ပါတယ်။

"သူတို့နိုင်ငံကတောင် ခရီးမသွားဖို့ တားမြစ်ထားတယ် အန္တရာယ်ရှိတဲ့ဒေသက လေကြောင်း ပိတ်ထားတာရှိတယ်။ ကျွန်တော်တို့နိုင်ငံကလည်းတရုတ် ခရီးသွားတွေ ဝင်ရောက်မှု ခဏပိတ်သင့်တယ် အဲဒါမှသာ အနောက်နိုင်ငံတွေက ခရီးသွားတွေ ယုံကြည်မှုရှိရှိနဲ့ ဝင်ရောက်လာမှာ ကျွန်တော်ကတော့ အဲလိုမြင်တယ်။"

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ အမျိုးသားအဆင့် SRT ကော်မတီတွေကနေ ရောဂါစိတ်ချရတဲ့ အခြေအနေရောက်ပြီနေပြီလို့ မထုတ်ပြန်မချင်း ဧည့်လမ်းညွှန်တွေအနေနဲ့လည်း တရုတ်ခရီးသွားတွေကို ဝန်ဆောင်မှု မပေးဖို့ကိုလည်း မန္တလေးဧည့်လမ်းညွှန် အသင်းက တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ၁၄ ရက်ကြာမှ ရောဂါလက္ခဏာ ပြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပြီး တရုတ်ခရီးသွားတွေကို တောင်းခံတဲ့ ကျန်းမာရေးထောက်ခံချက်ဟာ ဘယ်နှစ်ရက်အတွင်းဆိုတဲ့ အချက်ကို မသိရသေးဘူးလို့ ခရီးသွားလုပ်ငန်းတွေက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်မှာ ကျန်းမာရေးဝန်ကြီးဌာနဲ့ တိုင်ပင်ဆွေးနွေးခဲ့တာရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ကျန်းမာရေးထောက်ခံချက်က လက်ရှိအချိန်မှာ ဖျားတယ် ချောင်းဆိုးတာမရှိဘူးပေါ့။ မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်နေမယ်။ မြန်မာနိုင်ငံမှာ ရှိချိန် ဖျားတယ်ဆိုရင် လိုအပ်ရင်စောင့်ကြည့်လူနာဖြစ်မယ် ဒါတွေကို သဘောတူတယ်ပေါ့။ ကုသရင် ကုန်ကျစရိတ် အာမခံတွေလုပ်ဖို့ ဒါတွေပါတယ် အတိအကျတော့ အလွတ်မရဘူး။"

ခရီးသွားတွေအတွက် ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက် တောင်းခံထားသလို လာရောက်တဲ့ ခရီးသွားတွေ တစ်စုံတစ်ရာ ရောဂါဖြစ်လာခဲ့မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုတွေပေးဖို့ အသင့်ပြင်ဆင် ထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေပေမယ့် ဒီနေ့ အချိန်ထိတော့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်တဲ့အခြေအနေ မရှိတဲ့အချိန်မှာ ခရီးသွားလာပြီးရောဆိုပြီး လက်မခံသင့်ဘူးလို့ ဒဏ္ဍာရီ ခရီးသွားလုပ်ငန်း မန်နေးဂျင်းဒါရိုက်တာ ဦးလှရွေက ထောက်ပြဝေဖန်ပါတယ်။

"လက်ရှိဒီမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စစ်ဆေးဖို့တောင်မရှိတဲ့နိုင်ငံ။ မဆင်မခြင် ဧည့်သည်လာပြီးရော ငါတို့ပိုက်ဆံရပြီးရောဆိုတာ အားမပေးသင့်ဘူး။ နိုင်ငံတကာကလည်း စိုးရိမ်နေချိန် တရုတ်ခရီးသွားတွေကို လုံးဝရပ်ဆိုင်းထားသင့်တယ်။"

တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံ၂၀၁၈ ခုနှစ်က စတင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဆိုက်ရောက်ဗီဇာ ခွင့်ပြုလိုက်တဲ့နောက်ပိုင်း အရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ ခရီးသွားတွေထဲမှာ တရုတ်ခရီးသွားက ၇၀ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်လို့ တရုတ်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ တရုတ်နိုင်ငံ ဝူဟန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေ လာရောက်မှု နည်းပါးသွားပြီး ခရီးသွားလုပ်ငန်း ရပ်တန့်သွားတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့ထိ သေဆုံးသူ ၁၇၀၀ ကျော် ကူးစက်ခံရသူ ၇၁၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရောဂါပျံ့နှံ့မှုကို အတူတကွ ကြိုးပမ်းထိန်းချုပ်ကြဖို့နဲ့ နားလည်မှုပေးပြီး ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ဒီနေ့ ပြောဆိုထားပါတယ်။