ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ ခုနစ်စီးကို AA ပြန်လွှဲပြောင်း
2024.11.20
မြန်မာရေပြင်ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး အဲဒီထဲက ခုနစ်စီးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ကထုတ်ပြန်ပါတယ်။
ကျန်တဲ့ ငါးဖမ်းလှေ ရှစ်စီးကို လုံခြုံရေး အာမခံချက်ရှိတဲ့အချိန်မှာ လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ AA ထိန်းချုပ်ထားတဲ့ ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ငါးဖမ်းရင် အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေ အစီး ၆၀ ခန့်ကို AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်တွေက တွေ့ရှိပြီး ငါးဖမ်းလှေ ၁၅ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ရေးသားထားပါတယ်။
ဒီအထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို နှစ်ရက်ကြာထိန်းသိမ်းပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ဒီရေလုပ်သားတွေဟာ ဆင်းရဲနွမ်းပါးပြီး မိသားစုစားဝတ်နေရေး အကျပ်အတည်းကို ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေဖြစ်တယ်လို့လည်းရေးသားထားပါတယ်။
ဒီလူတွေကို နောက်နောင် မြန်မာပိုင်နက်ထဲ ဝင်ရောက် ငါးဖမ်းတာတွေမလုပ်ဖို့ ခံဝန် ကတိလက်မှတ်ထိုးပြီး လွှဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မောင်တောဒေသမှာ စစ်ကောင်စီနဲ့ AA အကြား စစ်ရေးပြင်ထန်နေတာနဲ့ လေကြောင်းရန်ကြောင့် ငါးဖမ်းလှေတွေ ပြန်လည်ပေးအပ်ဖို့ ကြန့်ကြာနေတာလို့လည်း ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြန်မာရေပိုင်နက်ဖြစ်တဲ့ နတ်မြစ်အတွင်းရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကို AA က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။