ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက မြန်မာစစ်သားတွေရဲ့ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေထဲက တချို့ဟာ ကိုယ်ဝန်ရရှိခဲ့ကြပါတယ်။
သူတို့ထဲက အရွယ်မရောက်သေးသူအပါအဝင် ၁ဝ ဦးကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့တယ်လို့ မနေ့က AP သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြပါတယ်။
အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဇွန်လမှာ မွေးဖွားဖို့ အချိန်ကျမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဇွန်လအတွင်း ဒုက္ခသည်စခန်းကဆေးခန်းတွေမှာ မွေးဖွားနှုန်း သိသိသာသာ တိုးမလာတာကြောင့် ကိုယ်ဝန်ဆော င်တွေဟာ ဆေးခန်းကိုရှောင်ရှားနေကြတယ်လို့ ယူဆထားပါတယ်။
တွေ့ဆုံမေးမြန်းချက်တွေအရ ကိုယ်ဝန်ရှိလာသူတွေထဲက အားလုံးလိုလိုဟာ လူသိမခံဘဲပုန်းလျှိုး ဝှက်လျှိုးနေထိုင် ခဲ့ကြပါတယ်။ တချို့က ဒုက္ခသည်စခန်းမှာ ဝယ်လို့ရတဲ့ အပေါစား သန္ဓေဖျက်ဆေးကိုသုံးပြီး ကိုယ်ဝန်ကိုဖျက်ချလိုက် တယ်လို့ ပြောပါတယ်။
အဓမ္မအကျင့်ခံရတဲ့ အမျိုးသမီးများအနေနဲ့ သူတို့ မြန်မာစစ်သားနဲ့ ကိုယ်ဝန်ရှိခဲ့တဲ့အကြောင်း လူသိသွားမှာကို အထူးပဲ စိုးရိမ်နေကြတာပါ။ ဒီအကြောင်းတွေကြောင့် တဘဝလုံးအပစ်ပယ်ခံ ဖြစ်မှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ သူတို့အထဲက ကလေးကို ဖျက်ချလိုက်သူ အမျိုးသမီး တစ်ဦးကတော့ တရားဥပဒေအတိုင်းဖြစ်ဖို့ မျှော်လင့် တာကြောင့် ထုတ်ဖေါ်ပြောဆိုရတာပါလို့ ပြောပါတယ်။
တွေ့ဆုံမေးမြန်းခွင့်ရတဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးလေးကတော့ ပြီးခဲ့တဲ့ မေလထဲမှာ သူတို့နေထိုင်တဲ့ တဲလေးအတွင်းမှာပဲ ကလေးကို မွေးဖွားခဲ့ပြီး နောက်မှဆေးခန်းကိုသွားခဲ့ပါတယ်။ ကလေးကိုတော့ ပေးပစ်လိုက် ပါတယ်။ ဒီလိုမိဘက လက်မခံတဲ့ ကလေးမျိုးတွေကို Save the Children တို့ UNICEF တို့က လက်ခံပြီး တခြားမွေးလိုတဲ့ မိသားစုတွေကို ပြန်ပေးလိုက်တာဖြစ်ပါတယ်။ လတ်တလောအနေနဲ့ ကလေး ၁ဝ ဦးကို မိသားစုအသစ်တွေလက်ထဲကို လွဲပြောင်းပေးခဲ့တယ်လို့ AP သတင်းမှာ ဖေါ်ပြထားပါတယ်။
