ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆန္ဒအလျောက် ပြန်တာဖြစ်ကြောင်း အတည်ပြုချက်မပါဘဲ ဘယ်ဒုက္ခသည်ကိုမှ မြန်မာနိုင်ငံဘက်ကို ပြန်ပို့မှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ဝါရှင်တန်အခြေစိုက် Benar သတင်းဌာနကို မနေ့က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူဝါဒအရ ဘယ်ရိုဟင်ဂျာဒုက္ခသည်ကိုမှ အတင်းအကြပ် ပြန်ပို့မှာ မဟုတ်ကြောင်း၊ ပြန်သင့် မပြန်သင့် ဆုံးဖြတ်ချက်ဟာ ဒုက္ခသည်တဦးချင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီကိစ္စတွေနဲ့ပတ်သက်လို့ UNHCR အပေါ်မှာ တည်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနက ညွန်ကြားရေးမှူးချုပ် Delwar Hossain ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြောဆိုချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
နိုဝင်ဘာလ ၁၁ ရက်နေ့ကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြောင်းထားကြောင်းနဲ့ နှောင့်နှေးမှုမှန်သမျှဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တာဝန် သာဖြစ်ကြောင်း ပြောထားပါတယ်။
ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရဘက်မှာ အသင့်အနေအထားရှိနေပြီဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာပြည်ကို ပြန်လာမယ့် မွတ်စလင်ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်တာမျိုးသာဖြစ်သင့်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။
ဒုက္ခသည်တွေကိုယ်တိုင် သူတို့နေရပ်ပြန်ဖို့ ဆုံးဖြတ်တယ်ဆိုတာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တာမျိုးဖြစ်ဖို့၊ အဲဒီလိုဆုံးဖြတ်နိုင်အောင် မြန်မာဘက်ကနေ ဒုက္ခသည်တွေကိုလက်ခံဖို့ ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်ကနေ သူတို့ကိုယ်တိုင် သွားရောက်ကြည့်ရှုနိုင်ဖို့၊ အဲဒီလိုကြည့်ဖို့ကိုလည်း မြန်မာအာဏာပိုင်တွေက ခွင့်ပြုပေးဖို့ဆိုပြီး UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့မှာမဟုတ်ဘဲ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အတည်ပြုချက်မပါရင် ပြန်မပို့ဘူးလို့ ဝါရှင်တန်အခြေစိုက် Benar သတင်းဌာနကို မနေ့က ပြောကြားလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့သဘောထားကို သိရှိနိုင်ဖို့အတွက် သမ္မတရုံး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့အစိုးရဌာနတွေက တာဝန်ရှိပုဂ္ဂိုလ်တွေဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဒုက္ခသည်တွေ နေရပ်ပြန်လာရေးက အပြည့်အဝအောင်မြင်မယ်လို့ မထင်ကြောင်း သူ့အမြင်ကို ပြောပါတယ်။
"နှစ်နိုင်ငံသဘောတူညီချက်ဖြစ်သလို ကုလသမဂ္ဂလည်း ဒီအပေါ်မှာ သဘောတူထားတယ်လေ။ ကုလသမဂ္ဂ ဒါကိုပဲ ထပ်ပြီးတော့ သူတို့ဆန္ဒမပါရင် ပြန်ပို့လို့မရဘူးဆိုတော့ ကျနော်ထင်တယ် ဒါ အဓိပ္ပာယ်မရှိလှဘူး။ ထွက်လာတဲ့အသံတွေက ဘာတွေလဲဆိုတော့ ဒီဘက်မှာ လုံခြုံမှုမရှိသေးဘူး၊ လွတ်လပ်စွာသွားလာခွင့် မရှိသေးဘူး၊ NVC ဆိုတဲ့ စိစစ်ရေးကတ်ပြားကို သူတို့မကိုင်နိုင်ဘူး၊ နိုင်ငံသားကတ်ပြားကို သူတို့ကို ကိုင်ခွင့်ပေးရမယ်လို့ တောင်းဆိုထားတယ်ကြားတယ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမယ်ဆိုတဲ့အချက်က ဘယ်လိုမှမဖြစ်နိုင်တဲ့အချက်၊ ကျနော်ထင်တယ်၊ အခက်အခဲတွေ အများကြီးရှိတယ်။ တဝက်တောင်မှလာဖို့ အတော်ခက်လိမ့်မယ်။"
အဲဒီမွတ်စလင်ဒုက္ခသည်တွေကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး အဆင်ပြေချောမွေ့စွာနဲ့ လက်ခံကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ကြေညာထားပြီး ဖြစ်ပါတယ်။
ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကတော့ ဒုက္ခသည်တွေပြန်ပို့ရေးအတွက် ကုလသမဂ္ဂအပါအဝင် နှစ်နိုင်ငံသဘောတူထားပြီး ဖြစ်တဲ့အချက်တွေဖြစ်တာကြောင့် သံသယမရှိဘူးလို့ အခုလို သုံးသပ်ပါတယ်။
"MOU လက်မှတ်ထိုးကတည်းက ကိုယ့်အလိုဆန္ဒရှိမှ လွတ်လပ်တဲ့ဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ ပြန်ချင်တဲ့လူတွေကိုပဲ ပြန်ပို့ဖို့ဆိုတာ နဂိုကတည်းကပါ။ ဒီအပေါ်မှာ အပြောင်းအလဲရှိမယ်မထင်ဘူး။ ဒါကအသစ်မဟုတ်ဘူး။ နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာ ပါပြီးတဲ့အချက်တွေဖြစ်တယ်။"
လွန်ခဲ့တဲ့ ဇန်နဝါရီလပိုင်းတုန်းကလည်း ဒုက္ခသည်တွေပြန်လာဖို့ စီစဉ်ဆောင်ရွက်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ဗဟိုအလုပ်အမှုဆောင် ဦးဦးလှမြင့်ကတော့ ဒုက္ခသည်တွေနေရပ်ပြန် လာရေးလုပ်ငန်းစဉ် အောင်မြင်မှာမဟုတ်ကြောင်း သူ့အမြင်ကို ပြောပါတယ်။
"ဒီကိစ္စကို နဂိုကတည်းက မဖြစ်ဘူးလို့ ကျနော်တို့တွက်တယ်ဗျ။ ဘင်္ဂါလီတွေဟာ ဒုက္ခသည်အဖြစ် ဖန်တီးပြီးတော့မှ လူမျိုးတမျိုးကို ဖန်ဆင်းတဲ့သဘောဖြစ်တယ်လေ။ နိုင်ငံတနိုင်ငံ တိုင်းပြည်တပြည်မှာရှိတဲ့ စည်းကမ်းကိုလည်း သူတို့လိုက်နာတဲ့သဘောမရှိဘူး။ အခွင့်အရေးကိုလည်း ပိုပြီးလိုချင်တဲ့သဘောရှိတယ်။ မြန်မာနိုင်ငံဖြစ်အောင် အရင်မလုပ်ဘဲ နိုင်ငံသားအခွင့်အရေးကို ကြိုလိုချင်တယ်လေ။ ဒီဘက်ကိုဝင်လာတာနဲ့ မှတ်ပုံတင်ယူပြီး ရိုဟင်ဂျာဆိုတဲ့နာမည်နဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတိုင်း လိုချင်တယ်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာအနေနဲ့ ပေးနိုင်တဲ့ လက္ခဏာမှမရှိတာ။ အဲဒါကိုမရရင် သူတို့မလာဘူးလို့ ကြွေးကြော်ထားတာပဲ။ NLD အစိုးရကတော့ ဒီဖိအားကြီးကို လျော့ကျစေချင်လို့ ဘာလုပ်ပေးပါမယ်ဆိုပြီး စကားတွေ ကျွံတဲ့သဘောမျိုးတွေရှိတယ်။ ကျနော်ကတော့ မထင်ဘူး။ အခုအတိုင်းဆို ကုလသမဂ္ဂကလည်း အလိုတူအလိုပါဖြစ်နေတယ်"
မြန်မာအစိုးရအနေနဲ့ နှစ်နိုင်ငံသဘောတူထားတဲ့အတိုင်း ပထမအသုတ်အဖြစ် လူဦးရေ ၂၂၅၁ ဦး စတင်ခေါ်ယူရာမှာ တရက်ကို ၁၅၀ နှုန်းနဲ့ ပြန်လည်လက်ခံမှာဖြစ်ပြီး ပထမ အသုတ်ကို ငါးခူရစခန်းမှာ ရေလမ်းကြောင်းကနေ ခေါ်ယူကာ နောက်ပိုင်း အသုတ်တွေကို ကုန်းလမ်းကနေလည်း ခေါ်ယူသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။