ဒုက္ခသည်စခန်းတစ်ခုအတွင်း ပစ်ခတ်မှု ဖြစ်ပွားရာမှာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီပစ်ခတ်မှုဟာ ကော့ဘဇားခရိုင်ထဲက ဂျာဒီမူရာဒုက္ခသည်စခန်းထဲမှာ ဖြစ်ပွားခဲ့တယ်၊ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရသွားသူ နှစ်ဦးကို ဆေးရုံကို ပို့ဆောင်ရာမှာ လမ်းမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရ်ှ အာဏာရပါတီရဲ့ လူငယ်အဖွဲ့ တာဝန်ရှိသူတစ်ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လိုက်လံ ဖမ်းဆီးရာမှာ စခန်အတွင်း ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်တယ်၊ လုပ်ကြံသူတွေဟာ လက်နက်ကိုင်ထားတဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ ရဲက စွပ်စွဲထားပါတယ်။
ဒီလုပ်ကြံသတ်ဖြတ်မှုကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြပြီး ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒုက္ခသည် စခန်းတွေဆီသွားတဲ့ လမ်းမကြီးကို ပိတ်ဆို့ထားကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဒုက္ခသည်နှစ်ဦးဟာ အဓိက သံသယ တရားခံတွေ ဖြစ်တယ်လို့ ရဲက ယူဆနေပါတယ်။