ဗန်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ပြည်သူရှစ်သောင်းခန့် ပိတ်မိနေဆဲ

RFA Burmese
2024.12.06
ဗန်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ပြည်သူရှစ်သောင်းခန့် ပိတ်မိနေဆဲ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပိတ်မိနေသူများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Screenshot: Citizen Video

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေကြား မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ပြည်သူရှစ်သောင်းခန့် တိုက်ပွဲကြားမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ဗန်းမော်မြို့ခံတွေက ဒီဇင်ဘာလ ၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။

လူဦးရေ တစ်သိန်းကျော်ရှိတဲ့ ဗန်းမော်မြို့မှာ မိုးမောက်၊ မံစီမြို့ဘက်က စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး တိုက်ပွဲစတင်ကတည်းက ဒေသခံတချို့ ထွက်ပြေးခဲ့ကြပေမဲ့ အများစုက ပိတ်မိနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

"အခုက တချို့က လမ်းကြောင်းရှာပြီး ထွက်ပြေးနေကြတယ်။ အများပိုင်းကတော့ မြို့မှာပိတ်မိနေဆဲပဲ။ အကူအညီတွေလည်း အများကြီး လိုအပ်နေတယ်။ အခုတိုက်ပွဲက စကခ ၂၁ အနီးတစ်ဝိုက်တွေမှာ ဖြစ်နေသေးတယ်"

မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းနဲ့ အင်တာနက် စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဗန်းမော်မြို့တွင်းက ပြည်သူအချင်းချင်း ချိတ်ဆက်ဖို့တောင် ခက်ခဲတဲ့ အခြေအနေ ကြုံနေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဗန်းမော်မှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကနေ ဒီနေ့အထိ စစ်ကောင်စီဘက်က မြို့ပတ်ပတ်လည်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်တိုက်ပွဲ အခြေအနေအသေးစိတ်နဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ထူးခြားတဲ့အခြေအနေ မတွေ့ရသေးဘူးလို့ RFA ကို တုံ့ပြန်သလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကတော့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ဗန်းမော်မြို့မှာ အခြေစိုက်ထားတဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) လက်အောက်ခံတပ်စခန်း ရှစ်ခုနဲ့ မံစီမြိုမှာ တပ်စခန်း နှစ်ခု ရှိနေပါတယ်။

ဒီတပ်စခန်းတွေကို ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။