ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို BGF ဝင်ရောက်ဖမ်းဆီးနေ

RFA Burmese
2025.02.14
ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို BGF ဝင်ရောက်ဖမ်းဆီးနေ ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ရှိ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတစ်ခုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် BGF အဖွဲ့က ဝင်ရောက်ဖမ်းဆီးနေသည်ကို တွေ့ရစဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ နေရာတွေကို ဖေဖော်ဝါရီလ ၁၄ ရက် ဒီနေ့မှာ တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ဖမ်းဆီးနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ပြောပါတယ်။

BGF ထိပ်ပိုင်းခေါင်းဆောင်တွေက အဖွဲ့ လေးဖွဲ့ပါတဲ့ ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းပြီးနောက် အခုလို စီးနင်းဖမ်းဆီးမှုတွေ ရှိလာတာပါ။

ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာလို့ BGF ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

“ဒီမနက်ကနေ စလုပ်နေပြီ။ ကျားဖြန့်လုပ်ငန်း အကုန်လုံးကို တစ်ပြိုင်နက် ဝင်လုပ်တာ။ လုပ်ငန်း ဘယ်လောက်အရေအတွက် ရှိတယ်ဆိုတာကို မစ်ရှင်လုပ်နေတဲ့အချိန် ပြောရခက်တယ်။ ဖမ်ဆီးရမိတဲ့ အခြေအနေ အသေးစိတ်တော့ကိုတော့ လောလောဆယ် မသိရသေးဘူး"

BGF ထိပ်ပိုင်းခေါင်းဆောင် သုံးဦး လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲထားတဲ့ ထိုင်းအစိုးရရဲ့ ဖိအားနဲ့ ကျားဖြန့် လုပ်ငန်းတွေကို အမြစ်ပြတ် နှိမ်နင်းဖို့ ဆန္ဒရှိနေတဲ့ တရုတ်အစိုးရရဲ့ ဖိအားကိုပါ ကြုံနေရချိန် အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာပါ။

ကရင်နယ်ခြားစောင့်တပ် (BGF) စိုးမိုးနယ်မြေတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ရှစ်ထောင်ခန့်ကို ပြန်ပို့ဖို့ စီစဥ်နေလို့လည်း BGF က RFA ကို ပြောထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ မြဝတီမြို့ ကျောက်ခတ်ကျေးရွာက ငွေလိမ်လုပ်ငန်းပေါင်း လေးဆယ်ကျော်မှာ အလုပ်ခိုင်းစေခံနေရသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။