နှစ်နှစ်အတွင်း လူကုန်ကူးခံရသူနှစ်ထောင်ကျော်ကို ပြန်ပို့ခဲ့ကြောင်း BGF ထုတ်ပြန်

RFA Burmese
2025.02.06
နှစ်နှစ်အတွင်း လူကုန်ကူးခံရသူနှစ်ထောင်ကျော်ကို ပြန်ပို့ခဲ့ကြောင်း BGF ထုတ်ပြန် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက်နေ့က သောင်ရင်းမြစ်ကမ်းမှ မယ်သဝေါရွာတွင် တွေ့ရစဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေတွေမှာ နှစ်နှစ်အတွင်း လူကုန်ကူးခံရသူ နှစ်ထောင်ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေကို ဆက်သွယ်ပြီး နေရပ်ပြန်ပို့ခဲ့တယ်လို့ BGF က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

BGF အနေနဲ့ လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကို စစ်ကောင်စီ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖော်ထုတ်ပေးနေပြီး ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ လူကုန်ကူးခံရသူ နှစ်ထောင်ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေကို ဆက်သွယ်ပြီး နေရပ်ပြန်ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီးလည်း ရာဇဝတ်မှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့လည်း ရေးသားထားပါတယ်။

လူကုန်ကူးတာ၊ မသမာမှုပြုလုပ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိမ်လည်လှည့်ဖြားတာနဲ့ မူးယစ်ဆေးဝါးရောင်းချတာတွေကို လုံးဝလက်မခံဘဲ ဖော်ထုတ်အရေးယူသွားမယ်လို့လည်းဆိုပါတယ်။

BGF က ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေမှာ အကျိုးတူဆောင်ရွက်တာမဟုတ်ဘဲ မြေငှားရမ်းတာသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီရင်းနှီးမြှုပ်နှံသူတွေက ထပ်ဆင့်ငှားရင်းတဲ့ လုပ်ငန်းရှင်တချို့ဟာ လိမ်လည်လှည့်ဖြားတာ၊ လူကုန်ကူးတာတွေလုပ်ကိုင်တာကြောင့် စစ်ကောင်စီ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနှိမ်နင်းနေတယ်လို့လည်း ရေးသားထားပါတယ်။

ဒီလို မသာမတဲ့လုပ်ငန်းတွေကို ပိတ်သိမ်းစေပြီး သက်ဆိုင်ရာကို အပ်နှံအရေးယူသွားမယ်လို့လည်း ကရင်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အသေးစိတ်သိရဖို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသား ၆၁ ယောက်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကလည်း လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို လက်မခံဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်က ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုမှာတော့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အပါအဝင် အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေထဲကို လူသိန်းပေါင်းများစွာ ရောက်ရှိသွားနိုင်ပြီး ဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။