BGF အသွင်ပြောင်း KNA မှာ မပူးပေါင်းလိုတဲ့ တပ်ဖွဲ့ဝင်တွေ ရှိနေကြောင်း သတင်းထွက်

2024.04.18
BGF အသွင်ပြောင်း KNA မှာ မပူးပေါင်းလိုတဲ့ တပ်ဖွဲ့ဝင်တွေ ရှိနေကြောင်း သတင်းထွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က မယ်သဝေါရွာအနီးတွင် တွေ့ရစဉ်။
Photo: Citizen Journalist

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းလိုက်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) မှာ မပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNA တာဝန်ရှိသူတွေကြား သဘောထား ကွဲလွဲနေတယ်လို့ ဒီအဖွဲ့တွေနဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။

အရင် BGF တပ်ရင်းတွေမှာ ရုံးလုပ်ငန်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNA ပြောင်းလဲဖွဲ့စည်းတာလို့ သဘောမကျဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"အရင်စစ်တပ်က ဦး/ရေး/ထောက် ကိစ္စတွေမှာ ပါတယ်။ အရင်တပ်ဘက်ကနေ ပြောင်းပြီးမှ BGF မှာ လာပေါင်းထားတဲ့လူတွေက အဲဒါကို သဘောမကျဘူး။ စစ်တပ်ထဲမှာ အဲ့အဖွဲ့တွေက KNA ပြောင်းတာကိုသဘောမကျဘူး။ ပြန်ထွက်ဖို့တော့လုပ်နေတယ်။ BGF မှာ အဖွဲ့ ကွဲနေတယ်လို့ပြောတယ်။ KNA ကနေ အခု သူတို့မြို့ကို အုပ်ချုပ်တာ၊ ထိန်းတာ၊ အမှန်တော့ KNU ရဲ့လမ်းကြောင်းနဲ့ပဲ သွားတာလေ၊ KNU နဲ့ လက်တွဲပြီးတော့ လုပ်သွားတာကို သူတို့သဘောမကျဘူး"

လက်ရှိ မြဝတီမြို့မှာ လုံခြုံရေးကင်းလှည့်နေတဲ့ KNA တပ်ဖွဲ့ဝင်တွေဟာ အရင် BGF တပ်ရင်းတွေမှာ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ မြို့ပေါ်က အောင်ဇမ္ဗူလင်း ဟိုတယ်ခြံဝင်းထဲမှာ အတူနေထိုင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီဟိုတယ်ဝင်းထဲမှာ အင်အားစုစုပေါင်း ၃ဝဝ ကျော် နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြဝတီမြို့ အနီးဝန်းကျင်က မဲကနယ်၊ ဇရပ်ဖြူကုန်း၊ ကော့ကော်၊ ကုက္ကိုလ် ကျေးရွာတွေမှာရှိတဲ့ အရင် BGF တပ်ရင်းစခန်း ၅ ခုမှာ လည်း စစ်ကောင်စီတပ်ဘက်က အရာရှိတချို့နဲ့ သူတို့မိသားစုဝင်တွေ ဆက်ရှိနေဆဲပဲလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ် ။

မြဝတီမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေပေမဲ့ အပြင်မထွက်ဘဲ သူတို့ရုံးတွေထဲမှာပဲ ရှိနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

"မြို့မှာကတော့ ခြောက်ကပ်နေတာပေါ့၊ မြို့ထဲမှာကတော့ သိပ်ပြီး စည်စည်ကားကားမရှိပါဘူး၊ နောက်တစ်ခုကတော့ လုံခြုံရေးအနေနဲ့ ကြည့်ရင် ဘာမှမရှိဘူး လုံခြုံရေးက၊ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) အပြင်ကို မထွက်ရဲကြဘူး၊ ရှေ့တန်းရုံးတို့ ဘာတို့ထဲမှာရှိနေတယ်၊ အင်အားဘယ်လောက်မှ သိပ်မရှိဘူးတဲ့၊ ၃၀ လောက်ပဲ ရှိတယ်တဲ့"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ၊ KNA/BGF လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကို တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

စစ်တပ်နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီပေးတဲ့ လစာနဲ့ ရိက္ခာတွေ မယူတော့ဘဲ သီးခြားရပ်တည်မယ်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လဆန်းမှာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။

ဧပြီ ၁၈ ရက်နေ့မှာ မြဝတီမြို့ပတ်ဝန်းကျင်က လက်လွှတ်ထားရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီရဲ့ စစ်ကူ စစ်ကြောင်း သုံးကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ကော့ကရိတ်၊ နဘူး နဲ့ ကျုံဒိုးကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မြဝတီမြို့ စစ်ရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း ထိုင်းစစ်တပ်က နယ်စပ် လုံခြုံရေး တိုးမြှင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။