BGF ခေါင်းဆောင်ကို အရေးယူဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ တိုက်တွန်း

RFA Burmese
2025.02.16
BGF ခေါင်းဆောင်ကို အရေးယူဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ တိုက်တွန်း ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ။
Photo: KIC

မြဝတီနဲ့ ရွှေကုက္ကိုလ်ဒေသကို ထိန်းချုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ထိထိရောက်ရောက်အရေးယူဖို့နဲ့ မြန်မာဘက်ကို လောင်စာဆီ၊ ဆိုလာပြားနဲ့ အင်တာနက်စက်တွေ မှောင်ခိုတင်သွင်းတာတွေကို တားဆီးဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်း (Rangsiman Rome) က တိုက်တွန်းလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တာ့ခ်ခရိုင် အမှတ် ၄ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့နဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

အဲဒီအစည်းအဝေးမှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေး၊ ရေလမ်းကြောင်းကတစ်ဆင့် မြန်မာဘက် မှောင်ခိုကူးနေတာတွေကို ထိထိရောက်ရောက် တားဆီးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ပြန်သုံးသပ်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းခဲ့ပြီး နိုင်ငံထဲဝင်လာတဲ့ နိုင်ငံခြားသားတစ်ယောက်ချင်းစီကို အတည်ပြုစစ်ဆေးနိုင်မဲ့ ဇုန်တစ်ခုသတ်မှတ်ပေးဖို့လည်း အဆိုပြုခဲ့ပါတယ်။

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူထောင်ပေါင်းများစွာ ပါဝင်ပတ်သက်နေမယ်လို့ ခန့်မှန်းထားပြီး ဒီလုပ်ငန်းတွေအတွက် အဓိက ငွေထုတ်ပေးသူတွေက လက်ရှိမှာ ဘားအံဘက်ကို ရှောင်တိမ်းသွားကြကြောင်း စုံစမ်းသိရှိရတယ်လို့လည်း ဆိုပါတယ်။

လတ်တလော တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုက အထောက်အကူဖြစ်ပေမဲ့ ငွေလိမ်ဂိုဏ်းတွေကို အပြီးတိုင်ရှင်းလင်းရေးအတွက် မလုံလောက်ဘူးလို့လည်း ထောက်ပြပါတယ်။

BGF ခေါင်းဆောင်ကို အရေးယူဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး BGF ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို RFA မေးမြန်းဖို့ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေးမှာ မြန်မာနဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေထက် ပိုမိုဆောင်ရွက်ဖို့ လိုအပ်ပြီး လူကုန်ကူးခံရသူတွေကို လွှဲပြောင်းလက်ခံရာမှာလည်း သေချာအတည်ပြုစိစစ်ဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌက တိုက်တွန်းခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။