ဗန်းမော်တိုက်ပွဲမှာ အရပ်သား သုံးဆယ်ခန့် သေဆုံးကြောင်း အရပ်ဘက်အဖွဲ့တွေပြော
2024.12.17

ကချင်ပြည်နယ်က ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်ပတ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဆယ်ဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူက ၁၅၀ ခန့်ရှိတယ်လို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ဆယ်ဦး၊ သီလရှင် ငါးပါး၊ သက်ကြီးရွယ်အို ၁၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေကို ဗန်းမော်မြို့မှာ ကျန်နေသးတဲ့ ဒေသခံတွေနဲ့ တိုက်ပွဲကြားက ထွက်ပြေးလွတ်မြောက်လာသူတွေထံကနေ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ ကချင်ပြည်နယ်အခြေစိုက် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ မြေပြင်ကလူတွေနဲ့ ထွက်ပြေးလာတဲ့သူတွေရဲ့ ပြောပြချက်တွေကို အနီးစပ်ဆုံး ယူထားတဲ့စာရင်း ဖြစ်ပါတယ်။ သေဆုံးသူတွေက လက်နက်ကြီးနဲ့ လေယာဉ်ကြောင့် သေတာရှိသလို တချို့က မြို့က ထွက်ပြေးတဲ့အချိန် ပစ်ခံရပြီးသေဆုံးတာတွေလည်း ရှိတယ်"
မြို့ပေါ်မှာ ကျန်ရှိနေသူတွေနဲ့ မြို့က ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက်လည်း လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ မြို့ပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကချင်ပြည်နယ်က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်နဲ့ မံစီမြို့တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။