ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

RFA Burmese
2024.12.05
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့က စစ်ကောင်စီတပ် အခြေစိုက်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်မှာလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစလို့ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာကြောင့် လုံခြုံမယ်ထင်တဲ့နေရာမှာ ပုန်းအောင်းနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အခြေအနေက မနေ့ညက တစ်ညလုံးနီးနီး ငြိမ်နေရာကနေ မနက် ငါးနာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုတွေ ထပ်ဖြစ်နေတယ်။ အခုထိ ပစ်ခံသံတွေ ကြားနေရတယ် အကုန်လုံး အပြင်မထွက်ရဲကြဘူး။ တချို့ကတော့ ညောင်ပင်သာလမ်း ဖွင့်ထားပေးတယ်လို့ ပြောနေကြပေမဲ့ အဲဒါကို အတည်မပြုနိုင်သေးဘူး ဖြစ်နေတယ်။ ပြည်သူတွေ သေဆုံးမှုလည်း ရှိနေတယ်”

ရွှေကျီးနားရပ်ကွက်၊ ဟန်တဲ၊ ဖုန်းခါးကုန်း၊ သုံးမိုင် စတဲ့နေရာတွေမှာ လက်နက်ကြီးတွေကျပြီး မနေ့က ညပိုင်းအထိ သေဆုံးသူ အနည်းဆုံးငါးဦးအထိ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာ ဗန်းမော်မြို့နဲ့ မံစီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗန်းမော်-မံစီ လမ်းပေါ်က စစ်ဆေးရေးဂိတ်၊ ခလရ (၄၇) ရဲ့ ကာကင်းစခန်းနှစ်ခုနဲ့ ဗန်းမော်တက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က သိမ်းယူခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေကို အသေးစိတ်သိရဖို့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။