ဗန်းမော်မှာ အမြောက်တပ်ကို KIA သိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေ

RFA Burmese
2025.02.03
ဗန်းမော်မှာ အမြောက်တပ်ကို KIA သိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေ ဗန်းမော်လေဆိပ်ကို KIA ထိန်းချုပ်လိုက်သည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမတ- ၃၆၆ အမြောက်တပ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဗန်းမော်မြို့အတွင်းမှာ လေယာဥ်နဲ့ လက်နက်ကြီးသံတွေ ကြားနေရပြီး နေအိမ်တွေ မီးလောင်နေတာ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အမတ-၃၆၆ ကို သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

“မနေ့က အမတ-၃၆၆ ကိုသိမ်းတယ်။ တခြားဟာတော့ ထူးခြားတာ မရှိဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ”

လက်ရှိသိမ်းယူထားတဲ့ အမြောက်တပ် အမတ-၃၆၆ ဟာ အင်အားရာကျော်ရှိတဲ့ စကခ-၂၁ အနီးမှာရှိတဲ့ တပ်ဖြစ်တာကြောင့် စကခ (၂၁) ကို သိမ်းနိုင်ဖို့အတွက် အရေးပါတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ဒီထက် ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဗန်းမော်ကနေ မိုင်နှစ်ဆယ်လောက်သွားရင် တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် ရောက်ပြီလေ။ ပြီးတော့ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာနဲ့လည်း နီးတယ်။ ဆိုတော့ ဒီမြို့ကို ထိန်းချုပ်နိုင်ဖို့ကတော့ နှစ်ဖက်စလုံးက အသည်းအသန် ကြိုးစားမှာပဲ။ အခုက စစ်တပ်ဘက်က လားရှိုးကို သင်ခန်းစာယူပြီး နေရာတကာကို လိုက်ခုခံနေမှာ မဟုတ်ဘူး။ တချို့စခန်းတွေကိုလက်လွှတ်ပြီး အထိုင်စခန်းမှာ ခံစစ်ပြင်ထားတဲ့ သဘောပဲ”

ဒါ့အပြင် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်းနဲ့ ဗန်းမော်လေဆိပ်ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းမှာ KIA က သိမ်းယူထားတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံသွားတဲ့လမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ကာ စစ်ရေးလှုပ်ရှားကာ ကင်းပုန်းဝပ်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံ တစ်သိန်းခန့်ဟာ မန္တလေး၊ ဒေါ့ဖုန်းယန်၊ မိုးမောက်နဲ့ မံစီ စတဲ့မြို့နယ်တွေက ဘာသာရေး အဆောက်အအုံတွေနဲ့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ရွှေ့ပြောင်းနေထိုင်နေကြရပြီး စားရေးသောက်ရေးအတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ်နဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မံစီမြို့က တပ်တွေကိုတော့ အခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ သိမ်းယူထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။