အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် ဖိအားပေးမှာဖြစ်ပြီး တရုတ်ပြည်အနေနဲ့လည်း ဖိအားပေးရေးသဘောတူညီချက်မှာ ပါဝင်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် က ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံကိုရောက်ရှိနေစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်ကောင်စီအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူ ဖိအားပေးရေး မဟာဗျူဟာအနေနဲ့ ရလဒ်ကောင်းတွေ မရရှိခဲ့ပေမယ့် အမေရိကန်အစိုးရကတော့ ယူကရိန်းကို ရုရှားကျူးကျော်မှုကိစ္စနဲ့ ရင်ဆိုင်နေရတဲ့တိုင် ဝါရှင်တန်အနေနဲ့ မြန်မာ့အရေးကို ဦးစားပေးကိစ္စတွေထဲမှာ ထည့်သွင်းထားတာဖြစ်ကြောင်း၊ အဖိနှိပ်ခံနေရဆဲဖြစ်တဲ့ မြန်မာပြည်သူတွေအတွက် တခြားနိုင်ငံတွေနဲ့အတူ အပြုသဘောဆောင်လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းသွားမှာဖြစ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် က ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုလတ်တလော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့တော့ တစ်စုံတစ်ရာပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ သို့ပေမဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ စနေနေ့က ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲတခုမှာတော့ တရုတ်ပြည်အနေနဲ့ နိုင်ငံတကာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ထောက်ခံဖို့ ပြောဆိုခဲ့ပါတယ်။
သို့ပေမဲ့ မိမိတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတာဖြစ်ကြောင်း၊ မကြာခင်ကပဲ မြန်မာနိုင်ငံက လူငယ်တချို့နဲ့ အတူ ထိုင်စကားပြောခွင့်ရခဲ့လို့ မြန်မာ့ဒီမိုကရေစီရဲ့ ရှေ့ရေးအနာဂတ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်သဘောထားတွေ မေးမြန်းခွင့်ရခဲ့ကြောင်း၊ လူငယ်တွေနဲ့အတူ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ မြန်မာပြည်သူတွေရဲ့ကိုယ်စားလှယ် အစစ်အမှန်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက် နေကြကြောင်း၊ မိမိတို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောဆိုပါတယ်။
ဒါ့ပြင် မြန်မာပြည်သူတွေအတွက် တာဝန်ယူ တာဝန်ခံတဲ့ အစိုးရကောင်း ရရှိဖို့ တာဝန်ရှိကြောင်း၊ အာဆီယံအဖွဲ့ ချမှတ်ခဲ့တဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ဟာလည်း အလားတူအရေးကြီးကြောင်း၊ ဒါပေမဲ့ အခုထိတော့ အပြုသဘောဆောင်တဲ့လမ်းကြောင်းကို မတွေ့မြင်ရသေးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပြီး၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒီအတွင်း ရွေးကောက်ခံ အရပ်ဘက်အစိုးရကို စစ်တပ်က အင်အားသုံးဖြုတ်ချခဲ့ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေ နိုင်ငံကနေ ထွက်ပြေးထွက်ခွာနေကြပြီး လူသားချင်းစာနာကူညီရေး အခြေအနေတွေကလည်း ပိုမိုဆိုးရွားလာနေသလို တိုင်းရင်းသားလူမျိုးစုနယ်မြေတွေမှာလည်း စစ်ရေးပဋိပက္ခတွေ တိုးမြင့်လာနေတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ရဲ့ အရှေ့တောင်အာရှခရီးစဉ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်ထက် ရက်အတော်ကြာ နောက်ကျပါတယ်။ ဝမ်ယိဟာ သူ့ရဲ့ခရီးစဉ်အတွင်း တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံ အဆောက်အဦတွေအတွက် ဘယ်လောက်အထိ တိုးမြှင့်သုံးစွဲနိုင်တယ်ဆိုတာ မီးမောင်းထိုးပြသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဘလင်ကင်ကတော့ အမေရိကန်ဦးဆောင်တဲ့ အာရှစီးပွားရေး အစီအစဉ်သစ်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စတွေမှာ ထိုင်းနိုင်ငံ ပါဝင်လာတာကို ကြိုဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ တရုတ်ပြည်နဲ့ပတ်သက်လို့ အာဏာသုံးစနစ် မြန်မြန်ဆန်ဆန် ကြီးထွားဖွံ့ဖြိုးလာနေတဲ့ နည်းပညာနဲ့ စစ်ရေးဆိုင်ရာ အရင်းအမြစ်တွေ တိုးမြင့်လာနေတာကို အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဆိုပေမယ့် ဝမ်ယိနဲ့ ဘလင်ကင်ကြား စနေနေ့က ငါးနာရီကြာဆွေးနွေးပွဲဟာ နှစ်ဖက်လုံးက ထိန်းထိန်းသိမ်းသိမ်းရှိခဲ့ကြပါတယ်။
ဒီအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ ထိုင်းဝန်ကြီးချုပ်

ပရာယွတ် ချန်အိုချာတို့ တွေ့ဆုံခဲ့ကြပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရမှာ - ခိုင်မာတဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေ၊ အချုပ်အနှောင်ကင်းတဲ့ အရပ်ဘက်အဖွဲ့တွေ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေဟာ မိမိတို့ လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေ ပိုမို ပြည့်ဝအားကောင်းလာမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့ပြင် အရှေ့တောင်အာရှနဲ့ထိတွေ့ရေးဆိုင်ရာ ဘိုင်ဒင် အစီအစဉ်ကို ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးခဲ့တဲ့အတွက်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် က ချီးကျူးထောပနာပြုခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ နေ၊ ရေ၊ လေ စတဲ့ သဘာဝတရားတွေကနေ စွမ်းအင် ထုတ်ယူရေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ သုံးစွဲမယ်လို့ သိရပါတယ်။