ပြီးခဲ့တဲ့ ၅ နှစ်အစိုးရသက်တမ်းကာလအတွင်း ပြည်နယ်လွှတ်တော်တွေမှာ သတင်းရယူမှု ခက်ခဲအားနည်းခဲ့တာကြောင့် တိုင်းရင်းမီဒီယာတွေအနေနဲ့ တင်ပြနိုင်မှု အားနည်းခဲ့ကြောင်းနဲ့ လာမယ့် အစိုးရလက်ထက်မှာ ပြည်နယ် အစိုးရနဲ့လွှတ်တော် တွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုင်းရင်းမီဒီယာအဖွဲ့ BNI ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ နန်းဖော့ဂေ က တိုက်တွန်းပြောကြားပါတယ်။
ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ၄ ကြိမ်မြောက် တိုင်းရင်းမီဒီယာဖွင့်ပွဲ အခမ်းအနားမှာ နန်းဖေါ့ဂေက အခုလို ပြောကြားခဲ့ပါတယ်။
"ဒီ ၅ နှစ်တာတွင်းမှာ ပြည်နယ်လွှတ်တော်တွေမှာ သတင်းရယူခွင့်က အင်မတန်အားနည်းမှုရှိတယ်လို့တော့ မြင်တယ်၊ ဒီလိုအနေအထားမျိုးမှာ ကျမတို့ကလူထုကို သတင်းမပေးနိုင်ခဲ့ဘူး၊ နောင်နှစ်အစိုးရသစ်မှာလည်း ကျမတို့ပြည်နယ်နဲ့ တိုင်းဒေသကြီးက တိုင်းရင်းသားပြည်သူလူထုတွေအတွက် လွှတ်တော်မှာ တင်ပြဆွေးနွေးတဲ့ ကဏ္ဍတွေအပြင်၊ ဒီရေးရာတွေကို အချိန်နဲ့ တပြေးညီကျမတို့လူထုသိအောင် ရေးသားဖော်ထုတ်သွားချင်တယ်၊ ဒီလိုအခြေအနေတွက် မီဒီယာဥပဒေကို ပြဌာန်းရာမှာလည်း ဗဟိုချုပ်ကိုင်မှုစနစ်မဟုတ်ပဲနဲ့ အစိုးရတွေကအစ ပူးပေါင်းပါဝင်တဲ့အပိုင်းမျိုးလေးတွေကို ကျမတို့ ပြဌာန်းဆောင်ရွက်သွားချင်တယ်"
တိုင်းရင်းမီဒီယာညီလာခံ ပထမနေ့မှာ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေး ခဲ့ကြသလို တိုင်းရင်းသားမီဒီယာတွေ သက်ဆိုင်ရာ ပြည်နယ်တွေမှာ သတင်းရယူဖို့ ခက်ခဲ တာ နဲ့ တခြား စိန်ခေါ်မှုတွေအကြောင်း ခေါင်းစဉ်ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။
BNI ရဲ့ ပထမဆုံး အကြိမ် မီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပ ခဲ့တာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ၂၀၁၅ခုနှစ်မှာ ချင်းပြည်နယ် ဟားခါးမြို့တွေ မှာ ကျင်းပခဲ့ ပါတယ်။
အရင်က ထိုင်း နဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ်မြို့တွေမှာ အခြေစိုက်ခဲ့ကြတဲ့ တိုင်းရင်းသား မီဒီယာ အဖွဲ့ တွေဟာ အခုဆိုရင် သက်ဆိုင်ရာ ပြည်နယ်တွေမှာ အခြေပြုပြီး တိုင်းရင်းသားဘာသာစကားတွေ နဲ့ အင်တာနက် ဝက်ဘ်ဆိုက်အပြင် ဂျာနယ်တွေ ထုတ်ဝေပြီး တင်ပြနေကြတာ ဖြစ်ပါတယ်။
မြောက်ဦးမြို့က BNI ညီလာခံကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ဆက်လက်ကျင်းပ သွားမှာ ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက မီဒီယာသမားတွေအပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ် တွေ စုစုပေါင်း၂၀၀ ကျော် တက်ရောက်ကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီနေ့စတင်ကျင်းပတဲ့ တိုင်းရင်းမီဒီယာ BNI ရဲ့ ၄ ကြိမ်မြောက် ညီလာခံမှာ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က မြောက်ဦးမြို့ကနေ သတင်းပေးပို့ထား ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာကျင်းပနေတဲ့ ၄ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေလည်း တက်ရောက်နေပြီး ပြန်ကြားရေးဝန်ကြီးဌာန ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။
လက်ရှိ တိုင်းရင်းမီဒီယာတွေအပေါ် အမြင်နဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်လာနိုင်ခြေ မီဒီယာအခြေအနေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်း ထားပါတယ်။
