ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အောင်တံခွန် အမှတ်(၃) ခရီးသည်တင် ရေယာဉ်ဟာ မနေ့က မြေပုံမြို့ နယ် နောင်တော်ကြီးမြစ်အတွင်း နစ်မြုပ်ခဲ့ရာ သေဆုံး သူ ၁ဝဝ လောက်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ် သားတွေက ပြောပါတယ်။
လောလောဆယ် အလောင်း ၁ဝဝ လောက်ရရှိထား တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင် ရွက်နေတဲ့ စစ်တွေမြို့နယ် နာရေးကူညီမှုအသင်းရဲ့ အတွင်းရေးမှူး ဦးထွန်းလှိုင်က အခုလို ပြောပါတယ်။
"သိသိချင်းကို လိုအပ်တဲ့ဆေးဝါးတွေပေါ့ ချက်ချင်း စုပြီးတော့ပေါ့၊ ကျနော်တို့ မလိခပေါ်မှာ တင်ပြီးသွားပါတယ်၊ ကျနော်တို့သိတာက ၄ဝဝ နီးပါးလောက်ပါတယ်လို့ကြားပါတယ် ဒါပေမယ့်လို့ ၁၇၁ ဦးကတော့ ရှင်တယ်ပေါ့နော်၊ ကျနော်တို့ အခုရရှိထားတာကတော့ အလောင်း ၁ဝဝ ကျော်ရှိပါတယ်ခင်ဗျာ၊ တော်တော်များများတော့ မလိခနဲ့ အဆင်ပြေတာသွားတယ်၊ ဒီအခေါက်ကတော့ ကျောင်းသားတွေရော၊ ပညာရေးကောလိပ် က ကျောင်းပြီးတဲ့ဟာတွေရော၊ နောက် ကျောင်းပိတ်လို့ ဆရာမတွေက ကိုယ့်မြို့ကိုယ့်ရွာကိုပြန် ကြတာတွေပေါ့"
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ ၃၅ ယောက်လောက်ရှိမယ်လို့ ပြောပါတယ်။ သေဆုံးသူစာရင်း အတိအကျကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
နစ်မြုပ်သွားတဲ့ အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ တောင်ကုတ်မြို့ကနေတစ်ဆင့် ကျောက်ဖြူ မြို့မှာ ခေတ္တရပ်နားပြီး ဆက်လက်ထွက်ခွာလာရာမှာ နောင်တော်ကြီးမြစ်အတွင်းမှာ ရုတ်တရက်လှိုင်းကြီးလာတဲ့ အတွက် နစ်မြုပ်သွားတာဖြစ်ပါတယ်။
အဲ့ဒီရေယာဉ်ရဲ့ အောက်ပိုင်းကိုယ်ထည်က ပေါက်ပြဲနေတဲ့အတွက် အစိုးရ ရေကြောင်းပို့ဆောင်ရေးဌာနက ၁ဝ နှစ်ခန့်ကြာအောင် အသုံးမပြုဘဲ ရပ်နားခဲ့ထားခဲ့ရာကနေ ပြန်လည်ဖာထေးပြီး ပြေးဆွဲခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီရေယာဉ်ဟာ မနေ့ကကျောက်ဖြူမြို့ကနေ ထွက်ခွာလာကတည်းက အောက်ခြေပိုင်း ဖာထေး ရာကနေ ရေတွေဝင်နေခဲ့တဲ့အတွက် ရေယာဉ်မှာ စီးနင်းလိုက်ပါလာသူတွေက ဝိုင်းကူပြီး ရေတွေကို ခပ်ထုတ်ခဲ့ကြပေမဲ့ မနိုင်တော့တဲ့အတွက် နောက်ဆုံးနစ်မြုပ်သွားခဲ့တာလို့ ရေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာသူတွေက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို အစိုးရအစီအစဉ်နဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောနဲ့ စစ်တွေမြို့တွေကို ရှပ်ပြေးအမြန်ရေယာဉ်တွေနဲ့ အသီးသီး ပို့ဆောင်ပေးခဲ့ပါတယ်။
ရေယာဉ်နစ်မြှုပ်မှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဌ ဦးလှသိန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။