အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှုနဲ့ တိမ်ညိုဒေသခံ ၄ ယောက် ဖမ်းဆီးခံထားရ
2018.02.10

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီ မြို့နယ်ထဲမှာရှိ တဲ့ တိမ်ညိုရွာက ဒေသခံ ၄ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒေသခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီနေ့ ပြောပါတယ်။
ဖမ်းဆီးထားသူ ၄ ယောက်ထဲက ၃ ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။
"လက်ရှိမှာတော့ ၇ ယောက် ဖမ်းထားတဲ့အထဲမှာ အခုက အချုပ်ထဲမှာတော့ ၄ ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒီ ကျန်တဲ့သူတွေကတော့ တိမ်ညိုကပဲ။ အကုန်လုံး တိမ်ညိုကပဲ။ တစ်ယောက်ကတော့ ဦးအေးကျော်ထွန်းလို့ ခေါ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဦးမောင်ဝင်းလှိုင်၊ နောက်တစ်ယောက်ကတော့ ဦးကျော်မြင့်၊ ကျန်တဲ့တစ်ယောက်ကတော့ မချိုချိုဦး ဖြစ်ပါတယ်။ သူတို့ကိုတော့ ကျနော်ကတော့ မချိုချိုဦးတော့ မသိဘူးပေါ့နော်။ ကျန်တဲ့ ဦးအေးကျော်ထွန်းတို့၊ ဦးကျော်မြင့်တို့ ဦးမောင်ဝင်းလှိုင် တို့ကိုတော့ ၁၇/၁၊ ၁၇/၂ တို့နဲ့ စွဲထားတယ်လို့ ကြားပါတယ်"
ဖမ်းဆီးထားသူတွေကို မြောက်ဦးမြို့မ ရဲစခန်းအချုပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးကို RFA က အတည်ပြုမေးမြန်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ စစ်တွေမြို့ကို သွားရောက်ရာ လမ်းမှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုရွာနားမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
သူနဲ့အတူ ကားပေါ်မှာ လိုက်ပါလာသူ ၃ ယောက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ လက်ရှိဖမ်းဆီးထားသူတွေကတော့ ဦးဘိုဘိုမင်းသိုက် သေဆုံးချိန်မှာ ကားပေါ်မှာ အတူပါလာသူတွေ မဟုတ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
ဦးဘိုဘိုမင်းသိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ၄ ယောက်ကို ရန်ကုန်မြို့မှာ ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနကတော့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရတာဟာ ရက္ခိုင့်တပ်မတော် AA ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောပေမယ့် AA ကတော့ အဲဒီကိစ္စကို ငြင်းဆိုထားပါတယ်။